25 ပတ် - ဘာသာပြန်ပါ။

အလုပ်ရှင်ဟောင်းကို ကလဲ့စားချေရန် ရည်ရွယ်ချက်ဖြင့် ငါးနှစ်အရွယ်ကလေးကို သတ်ဖြတ်ရန်ကြိုးပမ်းမှု တောင်တွင်းကြီးတွင် ဖြစ်ပွား

ဇန်နဝါရီ ၂၁

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ယခင်အလုပ်ပိုင်ရှင်၏ ငါးနှစ်အရွယ်ကလေးငယ်ကို သတ်ဖြတ်ရန်ကြိုးစားခဲ့သည့် အမျိုးသားကို ဖမ်းမိထားကြောင်း မိသားစုဝင်နှင့်နီးစပ်သူတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၇ ရက်နေ့၊ ညနေ (၃)နာရီခန့်တွင် KG တန်းတက်နေသော မောင်စွမ်းပြည့်အောင်ကို အဆိုပါအမျိုးသားက အိမ်အထိလိုက်ပို့မည်ဆိုကာ ဆိုင်ကယ်ဖြင့် လိမ်လည်ခေါ်ဆောင်သွားခဲ့ပြီး တောနက်သို့ ရောက်သည့်အခါ ကလေးငယ်အား ၎င်း၏ အင်္ကျီဖြင့် လည်ပင်းကို စည်းညှစ်ခဲ့သဖြင့် ကလေးငယ် သတိမေ့ချိန်တွင် အသက်ရှိ/မရှိ ဆေးလိပ်မီးဖြင့် ထိုးခဲ့ကြောင်း သိရသည်။

ယမန်နေ့ ဇန်နဝါရီလ ၁၈ ရက်က တောထဲတွင် အော်ငိုသည့် ကလေးငယ်ကို ထင်းခုတ်သမားက တွေ့ရှိခဲ့ပြီး ကလေးငယ်က မိဘဖြစ်သူ ဦးမြင့်ဇော်ဌေးအိမ်ကို လိုက်ပို့ပေးရန်ပြောဆိုခဲ့သဖြင့် ၎င်း၏ ရင်ခွင်ထဲမှာထည့်ကာ မိဘအိမ်ကို လိုက်ပို့ပေးခဲ့ကြောင်း သိရသည်။

“လူသူကင်းမဲ့တဲ့တောကြီးထဲလည်းရောက်ကော သားငယ်ကို အဲဒီအင်္ကျီချွတ်ပြီးတော့ သူ့အင်္ကျီနဲ့လည်ပင်းကို သေအောင်စည်းပြစ်တာတဲ့ သားငယ်ကလည်း သေယောင်ဆောင်ရတာ။ ဒီကောင် သေလောက်ပြီဆိုတော့ သားငယ်ကို ပစ်ထားခဲ့တာ။ သားငယ်ကလည်း အဲဒါကိုဖြည်ရင်းနဲ့ မေ့သွားခဲ့တာ။ သားကတော့ မဖြည်နိုင်ဘူးတဲ့။ မဖြည်နိုင်လို့ အိပ်ပျော်သွားတာတဲ့ မေ့တယ်လို့မပြောတတ်ဘူး။ အဲဒါကိုမှ သူက ကလေး သေ/မသေဆိုပြီးတော့ ဆေးလိပ်မီးနဲ့ထိုးထားတဲ့ဒဏ်ရာတွေ တွေ့တယ်။ ရှိတယ်” ဟု ကလေးငယ်၏ မိခင်က ပြောသည်။

လက်ရှိတွင် အသက် ငါးနှစ်အရွယ် မောင်စွမ်းပြည့်အောင်ကို နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံတွင် (စိုးရိမ်ရ ဒဏ်ရာဖြင့်) ဆေးကုသမှုခံယူနေရပြီး ကလေးငယ်အခြေအနေမှာ သတိရတစ်ချက်၊ မရတစ်ချက်ဖြစ်နေကြောင်း သိရသည်။

“ကျွန်မတို့က အကြောင်းသိတယ်။ သူကို့ပြန်မလွှတ်မှ ရမှာ။ သူက ကလဲ့စားချေဖို့။ သူက ကျွန်မအိမ်မှာ ဝန်ထမ်းလုပ်ဖူးတယ်။ သူလွှတ်မှာကို ကျွန်မတို့က ကြောက်တယ်။ ဒီလိုလုပ်ထားရင် လွှတ်လာရင် သတ်တော့ မှာ”ဟု ၎င်းက ဆက်လက်ပြောသည်။

ကလေးငယ်အား သတ်ပြစ်ရန်ကြိုးစားခဲ့သူမှာ ရဲမင်းထက် ဆိုသူဖြစ်ကာ ၎င်းသည် ကလေးငယ်၏ မိဘလုပ်ငန်း ပွဲရုံ တွင် နှစ်နှစ်ခန့် အလုပ်လုပ်ကိုင်ခဲ့သူဖြစ်ပြီး လက်ရှိတွင် ဆတ်သွားနယ်မြေရဲစခန်းတွင် ဖမ်းဆီးထားကြောင်း သိရသည်။

#centralnewsnaypyitaw

imageimage