ကျိုင်းတုံမြို့နယ်၌ ကျပ်သိန်း ၃၈၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
ဇန်နဝါရီ ၂၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၌ ISUZU D-MAX မော်တော်ယာဉ်ပေါ်မှ ငွေကျပ်သိန်း ၃၈၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၉ ဒသမ ၆၆ သိန်း ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ သိရသည်။
တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၁၆ ရက် မွန်းလွဲ ၂ နာရီတွင် ကျိုင်းတုံမြို့နယ် ကျိုင်းဖောင်းကျေးရွာအနီးတွင် မိုင်းပျဉ်းမှကျိုင်းတုံဘက်သို့ စိုင်းစံလှ ၃၂ နှစ် (ဘ) ဦးအိုက်ဆာ မိုင်းပျဉ်းမြို့နယ် နေသူမောင်းနှင်ပြီး စိုင်းဝန်းခေါင် ၁၈ နှစ် (ဘ) ဦးစိုင်းနမ်းရှဲန် မိုင်းပျဉ်းမြို့နယ်နေသူ လိုက်ပါလာသည့် ISUZU D-MAX မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်နောက်ခန်း ကြမ်းခင်းအံဝှက်အတွင်းမှ ဒေသကာလ တန်ဖိုး ငွေကျပ်သိန်း ၃၈၅၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြား ၉ ဒသမ ၆၆ သိန်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ကွင်းဆက်ဖော်ထုတ်ချက်အရ ယင်းနေ့ ညနေ ၆ နာရီခွဲတွင် တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရောင်းဝယ်ရာ၌ ပူးပေါင်းပါဝင်သူများဖြစ်သည့် စိုင်းဆိုင်အွန် (ခ) အိုက်ဆိုင် ၂၄ နှစ် (ဘ) ဦးစိုင်းခမ်းပါ မိုင်းပျဉ်းမြို့နယ်နေသူနှင့် စိုင်းညွန့် ၂၁ နှစ် (ဘ) ဦးကျော်အောင် မိုင်းပျဉ်းမြို့နယ်နေသူတို့ နှစ်ဦးကို ဆိုင်ကယ်တစ်စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်များ အရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများကို မိုင်းပျဉ်းမြို့နယ်မှ မြန်မာ-ထိုင်းနယ်စပ်၊ တာချီလိတ် မြို့နယ်သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့ကို ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
#centralnewsnaypyitaw
