နှစ် ၃၀ အတွင်း ဂျပန်ငလျင် ရာနှုန်း ၈၀ အထိတိုးလာနိုင်
--------------------------
လာမယ့်နှစ်ပေါင်း ၃၀ အတွင်း ဂျပန်နိုင်ငံမှာ ငလျင်လှုပ်ခတ်နိုင်ခြေ ၇၅ ရာခိုင်နှုန်းကနေ ၈၂ ရာခိုင် နှုန်းအထိ တိုးလာနိုင်ကြောင်း ဂျပန်အစိုးရအဖွဲ့က ပြောပါတယ်။ ပြင်းအား ရစ်ချ်တာစကေး ၈ ကနေ ၉ အဆင့်ရှိ ငလျင် တွေ လှုပ်ခတ်နိုင်ပြီး ပြင်းထန်တဲ့ ဆူနာမီလှိုင်းလုံးတွေ ရိုက်ခတ်နိုင်သလို လူပေါင်း တစ်သိန်းနီးပါး သေဆုံးနိုင်ခြေ ရှိတယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားပါတယ်။
ဒါ့အပြင် ဒေါ်လာဘီလီယံပေါင်းများစွာ ဆုံးရှုံးနိုင်ကြောင်းလည်း ခန့်မှန်းထားပါတယ်။ ပစိဖိတ်ကမ်းရိုးတန်းအရှည် ကီလိုမီတာ ၈၀၀ ရှိတဲ့ ဂျပန်ကျွန်းတွေဟာ ပင်လယ်ရေအောက်ရှိ ရေအောက်ချိုင့်ဝှမ်း လှိုင်းခွက်နဲ့အတူ ငလျင် လှုပ်ခတ်နိုင်ခြေတွေ ဆက်စပ်နေတာဖြစ်ပါတယ်။ အဲဒီလှိုင်းခွက်ဟာ ဖိလစ်ပိုင်ပင်လယ်ထဲက မြေလွှာချပ်နဲ့ ဂျပန် ကျွန်းတွေရဲ့အောက်ခြေရှိ ပြတ်ရွေ့တို့ တိုးဝင်ထိတွေ့တဲ့ နေရာဖြစ်ပါတယ်။
အဲဒီမြေလွှာချပ်နဲ့ ပြတ်ရွေ့တို့ လှုပ်ရှားတဲ့အခါ ကြီးမားတဲ့ ငလျင်လှုပ်နိုင်ခြေ ရှိနေတာပါ။ ပြီးခဲ့တဲ့နှစ်ပေါင်း ၁,၄၀၀ ကျော်အတွင်းကလည်း နန်ကိုင်းလှိုင်းခွက်(Nankai Trough)မှာ အကြီးစားငလျင်တွေ ဟာ နှစ်ပေါင်း ၁၀၀ ကနေ ၂၀၀ ကျော်တိုင်း ဖြစ်ပေါ်လေ့ရှိကြောင်း ဂျပန်မြေငလျင်သုတေသနမြှင့်တင်ရေးအစိုးရရုံးချုပ်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

