အစ္စတန်ဘူမြို့က တိရိစ္ဆာန်ဆေးကုဆေးခန်းရှေ့ကို ခွေးမကြီးတစ်ကောင်ဟာ ခွေးပေါက်စလေးတစ်ကောင်ကို ချီပြီးရောက်လာတယ်။
ခွေးပေါက်စလေးတွေကို ခွေးမကြီးတွေက သယ်ပို့တဲ့အခါမှာ ဂုတ်ကနေချီသွားတတ်ပေမဲ့ ဒီအကောင်လေးကျတော့ အရုပ်လေးကိုကောက်ချီလာသလို နောက်ခြေထောက်ဖက်ကနေ ကိုက်ချီလာတယ်။
ကြည့်ရတာ ခွေးပေါက်လေးကလုံးဝမလှုပ်တော့လို့ သေသွားပြီထင်ပြီး တွေ့ရာနေရာက ကောက်ချီလာပုံရပါတယ်။
Beylikduzu Alfa Veterinary Clinic က ဒေါက်တာဒိုဂန်က ထွက်ကြည့်လိုက်တဲ့အခါမှာ ခွေးပေါက်လေးဟာ လုံးဝမလှုပ်တော့တာ တွေ့ရတယ်။
ဒါပေမဲ့ ဆေးထိုးအပ်လေးနဲ့ စစ်ဆေးကြည့်လိုက်တဲ့အခါမှာ မဆိုသလောက်လေး နှလုံးခုန်နေသလိုမျိုး တုန့်ပြန်လာတာကို တွေ့ရတယ်တဲ့။
အဲ့ဒီမှာ ကယ်ကြည့်မယ်ဆိုပြီး ဆေးခန်းထဲယူသွားကာ ဒေါက်တာဒိုဂန်နဲ့အဖွဲ့ဟာ ခွေးပေါက်လေးကို အသက်ကယ်ဖို့ ဝိုင်းဝန်းကြိုးပမ်းကြပါတော့တယ်။
မထင်မှတ်ပဲ ခွေးပေါက်လေးဟာ အသက်ပြန်ရှင်လာပြီး အခုအခါမှာ ဆေးခန်းက ခွေးအမေကြီးရော၊ ခွေးပေါက်ကလေးကိုရော စောင့်ရှောက်ထားပါတယ်။
ဇန်နဝါရီလ ၁၃ ရက်နေ့က ဒီဖြစ်ရပ်မှာ ခွေးအမေကြီးဟာ ခွေးပေါက်ကလေးကို ဘာလို့တိရောဂါကုဆေးခန်းကို ချီယူလာခဲ့တာလဲ❓
ဖြစ်ပုံရတာက ဒီတိဆေးခန်းကို လူတွေက ခွေးတွေချီယူလာပြီး ပြန်အထွက်မှာ ခွေးတွေကနေကောင်းကျန်းမာလာတာကို သူမြင်ဖူးလို့ဖြစ်မယ်လို့ ထင်ပါတယ်။
ဒါ့အပြင် ဒေါက်တာဒိုဂန်တို့ ဆေးခန်းအပြင်မှာ ခွေးပေါက်ကလေးကို ကိုင်ကြည့်တဲ့အချိန်မှာ ရန်မလုပ်တဲ့အပြင် ဆေးခန်းထဲမှာ ခွေးလေးကို ကုသဖို့ကိုင်တွယ်နေစဉ်မှာလည်း ရန်မလုပ်ခဲ့ပဲ မေးလေးတင်ပြီး ခွေးပေါက်လေးကို လာကြည့်နေခဲ့ပါတယ်။
ကြည့်ရတာ ဒီခွေးမကြီးဟာ ဒီနေရာမှာသူ့ကလေးကို အသက်ရှင်အောင်ကုပေးလို့ရတယ်လို့ နားလည်နိုင်တဲ့ အသိဉာဏ်ရှိလို့ ဒီတိဆေးခန်းကို ချီယူလာခဲ့တာလို့ ယူဆရပါတယ်။
Richard Myo Thant
