'ကျွန်တော်တို့ဟာ မန်ယူသမိုင်းမှာ အဆိုးရွားဆုံးအသင်းဖြစ်တယ်' - အမော်ရင်မ်
AFP
တနင်္ဂနွေနေ့မှာ ဘရိုက်တန်ကို ၃-၁ ဂိုးနဲ့ စိတ်ပျက်စရာ ရှုံးနိမ့်ပြီးနောက် ရူဘင် အမော်ရင်မ်က သူ့ရဲ့ မန်ချက်စတာယူနိုက်တက် ကျဆင်းမှုတွေဟာ ကလပ်ရဲ့ သမိုင်းတလျှောက် အဆိုးရွားဆုံးအသင်းဖြစ်တယ်လို့ အံ့အားသင့်စရာ ဝန်ခံမှုပြုလုပ်ခဲ့ပါတယ်။
ထုတ်ပယ်ခံရတဲ့ အဲရစ် တန်ဟက်ဂ်နေရာကို အစားထိုးဝင်ရောက်မယ့် အမော်ရင်မ်ဟာ စပို့တင်း လစ္စဘွန်းကနေ ရောက်ရှိလာပြီးနောက်ပိုင်း ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် ၁၁ ပွဲမှာ ခြောက်ပွဲအထိ ရှုံးပွဲကြုံတွေ့ခဲ့ရပါတယ်။
"ကျွန်တော်တို့ဟာ မန်ချက်စတာယူနိုက်တက်ရဲ့ သမိုင်းမှာ အဆိုးရွားဆုံးအသင်းဖြစ်နိုင်ပါတယ်" လို့ အမော်ရင်မ်က အိုးလ်ထရက်ဖို့ဒ်မှာ သူ့အသင်းရဲ့ ညံ့ဖျင်းတဲ့ ကစားပုံကို မြင်ပြီးနောက် ပြေပါတယ်။
"ခင်ဗျားတို့က သတင်းခေါင်းကြီးပိုင်းတွေကို လိုချင်တယ်ဆိုတာ ကျွန်တော်သိပါတယ်၊ ဒါပေမဲ့ ကျွန်တော်တို့က အမှန်တရားကို ဝန်ခံပြီး ပြောင်းလဲဖို့ လိုအပ်လို့ ဒီလိုပြောရတာပါ။ ဒါပါပဲ၊ ခင်ဗျားတို့ရဲ့ ခေါင်းကြီးပိုင်း သတင်းအတွက် စကားလုံးတွေ ရပါပြီ။
"မန်ချက်စတာယူနိုက်တက် ပရိသတ်တယောက်အတွက် ဒီအခြေအနေဟာ ဘယ်လိုခံစားရမလဲဆိုတာ စိတ်ကူးကြည့်ပါ။ ကျွန်တော့်အတွက် ဒါက ဘာဖြစ်မလဲဆိုတာ တွေးကြည့်လိုက်ပါ။ ကျွန်တော်တို့ဟာ အရင်နည်းပြထက် ပိုဆိုးတဲ့ ရလဒ်တွေနဲ့ နည်းပြအသစ်တယောက်ကို ရထားတယ်။ ဒီအချက်ကို ကျွန်တော် ကောင်းကောင်းသိပါတယ်။" လို့ သူက ဆက်ပြောပါတယ်။
အမော်ရင်မ်ရဲ့အသင်းဟာ အခုချိန်မှာ အမှတ်ပေးဇယားရဲ့ အဆင့် ၁၃ မှာ ရုန်းကန်နေရပြီး တန်းဆင်းဇုန်နဲ့ ၁၀ မှတ်အကွာမှာ ရှိနေပေမဲ့ တနင်္ဂနွေနေ့က ပုံစံအတိုင်းဆိုရင် တန်းဆင်းရမယ့်အန္တရာယ်နဲ့ ရင်ဆိုင်နေရဆဲပါ။
ရန်ကူဘာ မင်တဲလ်က ဘရိုက်တန်အတွက် အစောပိုင်း အဖွင့်ဂိုးစတင်သွင်းယူပြီး ယူနိုက်တက်ရဲ့ အားပျော့တဲ့ ကစားပုံအတွက် အစပျိုးပေးခဲ့ပါတယ်။
ဘရူနို ဖာနန်ဒက်စ်က ပထမပိုင်းမပြီးခင်မှာ ပင်နယ်တီကနေ ချေပဂိုး သွင်းယူနိုင်ခဲ့ပေမဲ့ ဒုတိယပိုင်းမှာ ကာအိုရု မိတိုမာနဲ့ ဂျော်ဂျီညို ရူတာတို့ရဲ့ ဂိုးတွေကြောင့် ယူနိုက်တက်ဟာ အခြေအနေဆိုးထဲ ရောက်ရှိသွားခဲ့ပါတယ်။
ယူနိုက်တက်ဟာ ဒီရာသီမှာ အိမ်ကွင်းလိဂ် ခြောက်ပွဲအထိ ရှုံးနိမ့်ခဲ့ပြီး ၁၈၉၃-၉၄ နောက်ပိုင်း ရာသီရဲ့ အဖွင့် ၁၂ ပွဲမှာ အများဆုံး ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။
သူတို့ဟာ ဒီရာသီမှာ လိဂ်ပွဲ ၂၂ ပွဲကစားပြီးချိန်မှာ ၁၀ ပွဲအထိ ရှုံးနိမ့်ထားပြီး ၁၉၈၉-၉၀ နောက်ပိုင်း ထိပ်တန်းလိဂ်ပြိုင်ပွဲတခုထဲမှာ ၁၀ ပွဲရှုံးတဲ့ မှတ်တမ်းကို အစောဆုံး ရောက်ရှိခဲ့တာလည်း ဖြစ်ပါတယ်။
ယူနိုက်တက်တို့ဟာ တန်းဆင်းဇုန်ထဲကို တန်းရောက်မသွားသေးပေမဲ့ အမော်ရင်မ်အနေနဲ့ သူ့အပေါ် ဖိအားတွေ မခံနိုင်လောက်အောင် မဖြစ်ခင် ရလဒ်ကောင်းတွေ ရရှိအောင် နည်းလမ်းရှာရပါလိမ့်မယ်။
ဥရောပရဲ့ အတောက်ပဆုံး လူငယ်နည်းပြတဦးအဖြစ် ချီးကျူးခံရတဲ့ အသက် ၃၉ နှစ်အရွယ် အမော်ရင်မ်ဟာ နိုဝင်ဘာလမှာ ယူနိုက်တက်ကို ရောက်ရှိလာခဲ့တာပါ။
ဒါပေမဲ့ သူနှစ်သက်တဲ့ ၃-၄-၃ ကစားကွက်ဟာ ယူနိုက်တက် လူစာရင်းရဲ့ ကစားသမားတွေနဲ့ မကိုက်ညီပါဘူး။
သူကိုယ်တိုင်က အခုချိန်မှာ တန်းမဆင်းရေးကိုသာ အဓိကထား စဉ်းစားနေတယ်လို့ ဝန်ခံပေမဲ့ ပေါ်တူဂီသားနည်းပြက သူ့ရဲ့ အတွေးအခေါ်ကို ပြောင်းလဲဖို့ ငြင်းဆန်နေပါတယ်။
"ဘယ်လိုအခြေအနေမျိုးမှာဖြစ်ဖြစ် ကျွန်တော် နည်းစနစ်ကို ပြောင်းမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ အောင်မြင်နိုင်တယ်ဆိုတာ သိပေမဲ့ ဒီအချိန်အခိုက်အတန့်ကိုတော့ ကျော်ဖြတ်ရပါမယ်။ ကျွန်တော် နုံအတာမဟုတ်ပါဘူး။ အခုအချိန်မှာ အဓိကကတော့ ရှင်သန် ရပ်တည်နိုင်ဖို့ပါပဲ" လို့ အမော်ရင်မ်က ပြောပါတယ်။
