ရေကျောက်ရောဂါအကြောင်း သိကောင်းစရာ
ရာသီအကူးအပြောင်း အပူချိန်ပြောင်းလဲလာမှုတွေနဲ့အတူ ရေကျောက်ရောဂါ ဖြစ်ပွားမှုလေးတွေ ခပ်စိတ်စိတ်တွေ့လာရပါတယ်။
Chicken pox လို့ ခေါ်တဲ့ ရေကျောက်ရောဂါကတော့ varicella zoster လို့ခေါ်တဲ့ ဗိုင်းရပ်စ်ကြောင့်ဖြစ်ရတာပါ။
Varicella zoster ဗိုင်းရပ်စ်ကဆိုရင်တော့ လူကြီးတွေမှာအတွေ့များတတ်တဲ့ shingles လို့ခေါ်တဲ့ ဆင်ရေယုံကို ဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးနဲ့အတူတူပဲဖြစ်ပါတယ်။
ရောဂါပိုးတူပေမဲ့ ခန္တာကိုယ်အတွင်းတုံ့ပြန်မှုမတူတာကြောင့် ရေကျောက်နဲ့ဆင်ရေယုံရောဂါနှစ်မျိုးက ပုံသဏ္ဍန်၊ ဖြစ်ပေါ်မှုကွာခြားသွားရတာပဲ ဖြစ်ပါတယ်။
ဒီတပတ်မှာတော့ ရေကျောက်နဲ့ပတ်သက်တာကိုပဲ အသေးစိတ်ပြောပြပေးသွားပါမယ်နော်။
ရေကျောက်ရောဂါက အလွန်ပဲ ကူးစက်တတ်တဲ့ရောဂါတခုပါ။
ရေကျောက်ရောဂါလူနာနဲ့ထိတွေဆက်ဆံရတဲ့အခါ ရေကျောက်ရောဂါမဖြစ်ဖူးသူ လူဦးရေ ၉၀ ရာခိုင်နှုန်းနီးပါးက ကူးစက်နိုင်ဖို့ အခွင့်အလမ်းရှိနေပါတယ်။
_ ရောဂါဖြစ်ပွားသူရဲ့ အသက်ရှူလမ်းကြောင်းကထွက်တဲ့အမှုန်အမွှားတွေကတဆင့်ကူးစက်တာပဲ ဖြစ်ပါတယ်။
_ အဲဒီအမှုန်အမွှားတွေရှုမိတာ ထိကိုင်မိတာကတဆင့်ကူးစက်နိုင်တာဖြစ်ပြီး ရေကျောက်အဖုရဲ့အရည်ကနေတော့ မကူးစက်နိုင်ပါဘူး။
_ ရောဂါကူးစက်စေနိုင်တဲ့အချိန်ကတော့ လူနာရေကျောက်အဖုတွေစမထွက်ခင် နှစ်ရက်လောက်အလိုကနေ နောက်ဆုံးရေကျောက်အဖုတွေစုံပြီး လေးငါးရက်နေတဲ့အထိ ရောဂါကူးစက်စေနိုင်ပါတယ်။
ရေကျောက်ရောဂါဖြစ်နေသူဆီကတော့ ဆင်ရေယုံမကူးစက်နိုင်ပါဘူး။
ရေကျောက်ရောဂါမပေါက်ဖူးသူတွေအနေနဲ့တော့ ဆင်ရေယုံရောဂါဖြစ်သူဆီက ရေကျောက်ရောဂါကူးစက်နိုင်ပါတယ်။
ရေကျောက်ရောဂါရဲ့ လက္ခဏာတွေကဘာတွေဖြစ်မလဲ ???
အဖုတွေမပေါ်လာခင် ၂ ရက် ၃ ရက် မတိုင်ခင်မှာ
ဖျားမယ်၊ နုန်းနေမယ်၊ မူးဝေတာ၊ လည်ပင်းနာတာ နေထိုင်မကောင်းတာ မျိုး ဖြစ်တတ်ပါတယ်။
အဖုတွေ စပေါ်မှာက မျက်နှာနဲ့ လည်ပင်းတဝိုက် စပြီးပေါ်လာနိုင်ပြီး ခန္ဓာကိုယ် အလယ်ပိုင်းရင်ဘတ် ကျောမှာ အများစုပေါ်တတ်ပြီး လက်တွေ ခြေတွေမှာတော့ အဖုနည်းနိုင်ပါတယ်။
အဖုတွေကတော့ စစ ပေါ်ချင်းမှာ
_ အနီစက် အနီဖု ကနေ
_ အရည်ကြည်ဖု လေးတွေ၊
_ နောက် အရေကြည်ဖုလေးတွေဘေးမှာနီနေနိုင်ပြီး
_ အရည်ကြည်ဖုမှာ ပြည်လေးတွေ စုလာပြီး ပြည်ဖု၊
_ ခြောက်လာတဲ့အခါ အလယ်မှာ ချိုင့်ပြီး
_ အနာဖေးတက်လာတဲ့အဖုလေးတွေ ဖြစ်လာပါတယ်။
ခန္ဓာကိုယ်အနှံ့ ခုနက ပြောတဲ့အဖုတွေကို အဖုအသစ် အဖုအဟောင်းတွေပုံစံစုံ တပြိုင်နက်တွေရတတ်ပါတယ်။
ခန္ဓာကိုယ် အတွင်းပိုင်းတွေမှာလည်း အရည်ကြည်ဖုတွေပေါက်နိုင်ပါတယ်။
အဖုတွေက ယားယံတတ်ပြီး အနာဖေးတက်ချိန်မှာ ပိုယားနိုင်ပါတယ်။
ကုတ်ဖဲ့တာ၊ ပိုးဝင်တာမရှိရင်တော့ အဖုလေးတွေက အမာရွတ်မကျန်ပဲ ပျောက်နိုင်ပါတယ်။
အရည်များများသောက်ပါ
ဖျားလျှင် ပါရာစီတမောသောက်ပါ။
ကလေးတွေမှာ အဖုတွေ မကုတ်ဖဲ့မိစေဖို့လက်သည်းညှပ်ပေးတာ လက်အိတ်ဝတ်တာတွေလုပ်နိုင်ပါတယ်။
ရေအေးအေးလေးချိုးတာ၊ အဖုတွေကို ရေအေးဖတ်တိုက်တာ၊ calamine lotion ကျဲကျဲလိမ်းပေးတာ လုပ်နိုင်ပါတယ်။
အရမ်းယားလျှင် ဆရာဝန်နဲ့တိုင်ပင်ပြီး အယားပျောက်ဆေးတိုက်နိုင်ပါတယ်။
ရှောင်ရမှာကတော့
ကိုယ့်သဘောနဲ့ကိုယ် စပ်ဆေးတွေသောက်တာ၊ ဆေးအပြင်းတွေသောက်တာတွေက အဖုတွေနဲ့ရောဂါကိုပိုဆိုးစေနိုင်ပါတယ်။
ရောဂါဖြစ်သူအနေနဲ့ ကိုယ်ဝန်ဆောင်တွေ၊ သက်ကြီးရွယ်အိုတွေ၊ နာတာရှည်ရောဂါအခံရှိသူတွေ၊ မွေးကာစကလေးတွေနဲ့ ထိတွေ့ခြင်းကို ရှောင်ရပါမယ်။
ကျောင်းနေအရွယ်ကလေးဆိုရင်တော့ အဖုတွေ ပျောက် ကင်းတဲ့အထိ ကျောင်းမလွတ်သင့်ပါဘူး။
ပုံမှန်ကလေးတစ်ယောက်အတွက်ကတော့ ရေကျောက်ပေါက်ရင် ပုံမှန်လေးပဲ လျောလျောရှူရှူပြန်ကောင်းနိုင်ပါတယ်။
_ နောက်ဆက်တွဲ ဘက်တီးရိးယားပိုးဝင်တာမျိုးဖြစ်ရင်တော့ အနာပိုးဝင်တာ အမာရွတ်ကျန်တာတွေဖြစ်နိုင်ပါတယ် ။
ကြီးမှရေကျောက်ပေါက်သူတွေကတော့ ရောဂါအနည်းငယ်ပိုဆိုးနိုင်ပါတယ်။
_ နောက်ဆက်တွဲ အဆုတ်ရောင်တာ၊ ဦးနှောက်ရောင်တာတွေ ဖြစ်တတ်ပါတယ်။
_ တခြားခန္ဓာကိုယ်အစိတ်အပိုင်းရောင်ရမ်းမှုတွေဖြစ်တဲ့ နှလုံးရောင်တာကျောက်ကပ်ရောင်တာ ပန်ကရိယရောင်တာ အူရောင်တာ၊ အာရုံကြောရောင်တာ စသဖြင့်လည်း တချို့သူတွေမှာ ဖြစ်တတ်ပါတယ်။
ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်ရင်တော့ အမေရော ကလေးပါ အန္တရယ်ရှိနိုင်ပါတယ်။ အမေမှာ ရောဂါဆိုးဝါးနိုင်ပြီး ကလေးစောမွေးတာ ကလေးပါ အသက်အန္တရယ်ရှိတာမျိုးဖြစ်တတ်ပါတယ်။
မွေးကာစ ကလေး မှာ ရေကျောက်ဖြစ်ရင်လည်း ဆိုးဝါးနိုင်ပါတယ်။
သက်အရွယ်ကြီးရင့်သူတွေ၊ ကိုယ်ခံအားမကောင်းသူတွေမှာ ရေကျောက်ဖြစ်ရင်လည်း ဆိုးဝါးနိုင်ပြိး
_ ခန္ဓာကိုယ်အတွင်းမှာပါ အရည်ကြည်ဖုထွက်တာ ရောင်ရမ်းတာတွေဖြစ်နိုင်ပြိး အန္တရယ်ဖြစ်နိုင်ပါတယ်။
ခုပြောခဲ့တဲ့ အသက်အန္တရယ်ဖြစ်နိုင်တဲ့ သူတွေအနေနဲ့ မဖြစ်ခင် ကြိုတင်ကာကွယ်ဆေးထိုးထားသင့်ပြီး ရောဂါဖြစ်လာတဲ့အခါလည်း ကျွမ်းကျင်ရာဆရာဝန်နဲ့သေချာပြသဖို့ လိုအပ်ပါတယ်။
ရေကျောက်ရောဂါကာကွယ်ဆေးအနေနဲ့ကတော့
အသက် ၁ နှစ်အထက်ကလေးကနေစပြီးတော့ စတင်ထိုးနှံနိုင်ပြီး ကာကွယ်ဆေးအကြိမ်ရေအားဖြင့် အနည်းဆုံး တလ သို့မဟုတ် နှစ်လခြားပြီး လေးငါးနှစ်အတွင်း နှစ်ကြိမ်ထိုးရမှာဖြစ်ပါတယ်။
ရေကျောက်ရောဂါက လူကြီးတွေမှာဖြစ်ရင် ရောဂါပိုဆိုးလေ့ရှိတာကြောင့် ရေကျောက်မဖြစ်သေးတဲ့ ဖြစ်နိုင်ချေရှိတဲ့လူကြီးတွေအနေနဲ့ကာကွယ်ဆေးထိုးထားဖို့ သင့်တော်ပါတယ်။
ကျန်းမာရေးဝန်ထမ်းတွေ၊ ကလေးထိန်းရသူတွေ၊ ကလေးနဲ့အတူတူနေသူတွေ၊ သက်ကြီးရွယ်အိုတွေကို ပြုစုစောင့်ရှောက်ရသူတွေ၊ ကိုယ်ဝန်ဆောင်ဖို့ အစီအစဉ်ရှိသူအမျိုးသမီးများ ရေကျောက်ရောဂါ ကူးစက်ပျံ့ပွားနိုင်တဲ့နေရာဌာနတွေမှာ နေသူတွေ၊ အလုပ်လုပ်ရသူတွေ (ဥပမာ ဆရာဆရာမများ၊ သင်တန်းကျောင်းဝန်ထမ်းများ၊ အဆောင်နေသူများ)
နိုင်ငံတကာ ခရီးသွားလာနေသူများ အနေနဲ့ ရေကျောက်ရောဂါ ကာကွယ်ဆေးကို ကြိုတင်ထိုးနှံထားသင့်ပါတယ်။
ဒီလောက်ဆိုရင်တော့ ရေကျောက်ရောဂါနဲ့ပတ်သက်တဲ့ဆောင်ရန် ရှောင်ရန်လေးတွေ သိပြီထင်ပါတယ်နော်။
#ကျန်းမာရေးဗဟုသုတ
