သမ္မတတာဝန်ယူပြီးပါက တရုတ်သို့သွားလည်လိုဟုထရမ့်ပ်ဆို
ဝါရှင်တန်၊ဇန်နဝါရီ ၁၉
အမေရိကန်ရွေးကောက်ခံသမ္မတဒေါ်နယ်ထရမ့်ပ်က သမ္မတတာဝန်ယူပြီးပါက ၎င်းအနေဖြင့် တရုတ်သို့သွားရောက်လိုကြောင်းပြောကြားခဲ့သည်ဟု Wall Street ဂျာနယ်သတင်းတစ်ရပ်အရသိရသည်။
ထရမ့်ပ်သည် ၎င်း၏ တာဝန်ထမ်းဆောင်မှုပထမဆုံးရက် ၁၀၀ အတွင်း တရုတ်နိုင်ငံသို့ခရီးထွက်ရန် ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သော်လည်းဆုံးဖြတ်ချက်ကိုမူ မချရသေးကြောင်း သတင်းရင်းမြစ်များကဆိုသည်။
ထရမ့်ပ်သည် လာမည့်တနင်္လာနေ့၌ သမ္မတရာထူး ကို ဒုတိယသက်တမ်းအတွက် ကျမ်းသစ္စာကျိန်ဆိုရန်လည်း စီစဉ်ထားသည်။ထရမ့်ပ်သည် ၎င်း၏ပထမသမ္မတသက်တမ်းအတွင်း ၂၀၁၇ ခုနှစ်ကလည်း ပေကျင်းသို့ သွားရောက်ခဲ့သေးကြောင်းသိရသည်။
အမေရိကန်ဘက်မှ ဖိတ်ကြားချက်အရ တရုတ်သမ္မတရှီ၏ အထူးကိုယ်စားလှယ် ဒုတိယသမ္မတဟန်ကျန်းသည် ဇန်နဝါရီ ၂၀ ရက်တွင် ဝါရှင်တန်ဒီစီ၌ပြုလုပ်မည့် ထရမ့်ပ်၏ ကျမ်းသစ္စာကျိန်ဆိုပွဲသို့ တက်ရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဌာနပြောရေးဆိုခွင့်ရှိသူကပြောကြားခဲ့သည်။
ပြီးခဲ့သည့် သောကြာနေ့နှောင်းပိုင်းကလည်း သမ္မတရှီသည် အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ပ်၏ဖုန်းခေါ်ဆိုမှုကို လက်ခံစကားပြောကြားခဲ့သည်ဟုသိရသည်။
