ဒီနေ့ကစားမယ့် အာဆင်နယ်-အက်စတွန်ဗီလာ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အာဆင်နယ်အသင်းနောက်ခံလူ ဆာလီဘာဟာ ဒဏ်ရာကြောင့် ပါဝင်နိုင်ဖို့ မသေချာကြောင်းသိရပါတယ်။
ပြင်သစ်နောက်ခံလူ ဆာလီဘာဟာ အာဆင်နယ်အသင်းက စပါးအသင်းကို (၂-၁)ဂိုးနဲ့အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲပြီးခါနီးမှာ တံကောက်ကြောဒဏ်ရာကို ခံစားခဲ့ရတာပါ။
>>>>
အာဆင်နယ်အသင်းဟာ အက်စတွန်ဗီလာအသင်းနဲ့ပွဲစဉ်မတိုင်ခင် နောက်ဆုံးပြုလုပ်ခဲ့တဲ့ လေ့ကျင့်ခန်းအစီအစဉ်မှာ ဆာလီဘာဟာ အသင်းဖော်တွေနဲ့အတူ ကွင်းထဲမှာမရှိခဲ့တာဖြစ်ပါတယ်။ အဲ့ဒါကြောင့် ဆာလီဘာဟာ အက်စတွန်ဗီလာအသင်းနဲ့ပွဲစဉ်ကို လွဲချော်နိုင်တယ်ဆိုပြီး စိုးရိမ်မှုတွေပိုပြီးရှိလာခဲ့တာပါ။ အာဆင်နယ်အသင်းနည်းပြ အာတီတာက ပွဲမှာအကောင်းဆုံးအခြေအနေရှိနိုင်ဖို့အတွက် ဆေးအဖွဲ့ဝင်တွေနဲ့ ပြုလုပ်ရမယ့် ဆုံးဖြတ်ချက်အနည်းငယ်ရှိတယ်လို့ ပွဲကြိုမီဒီယာတွေ့ဆုံမှုမှာ ဆိုထားပါတယ်။
အာဆင်နယ်အသင်းရဲ့နောက်ခံလူတစ်ဦးဖြစ်တဲ့ ခီဗီရောကို သောကြာနေ့ကပြုလုပ်ခဲ့တဲ့ လေ့ကျင့်ခန်းအစီအစဉ်မှာ မြင်တွေ့ခဲ့ရတာကြောင့် ဆာလီဘာသာ ဒဏ်ရာကြောင့်မပါဝင်နိုင်ရင် သူနဲ့ ဂါဘရီရယ်လ်ကို အက်စတွန်ဗီလာအသင်းနဲ့ပွဲစဉ်မှာ ပွဲထွက်လူစာရင်းအသုံးပြုနိုင်တာပါ။ အာဆင်နယ်အသင်းဟာ လက်ရှိအချိန်မှာ နောက်ခံလူတွေဖြစ်တဲ့ ဘင်ဝှိုက်နဲ့ တိုမီယာဆုတို့ကို အနားပေးထားရပြီး ကာလာဖီအိုရီလည်း အက်စတွန်ဗီလာအသင်းနဲ့ပွဲစဉ်ကို ပါဝင်နိုင်ဖို့ မသေချာပါဘူး။
အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ပွဲတွေမှာ အကယ်ဒမီထွက်ကွင်းလယ်လူ စကယ်လီကို ဘယ်နောက်ခံလူအဖြစ်အသုံးပြုခဲ့ရပြီး သူကလည်း ခြေစွမ်းကောင်းတွေကို ပြသနိုင်ခဲ့တာပါ။ အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ်(၂၁)ပွဲကစားအပြီးမှာ ရမှတ်(၄၃)မှတ်နဲ့ အမှတ်ပေးဇယားအဆင့်(၂)နေရာမှာ ရပ်တည်နေပြီး အဆင့်(၁)နေရာက လီဗာပူးလ်အသင်းထက် (၁)ပွဲပိုကစားကာ ရမှတ်(၄)မှတ်ကွာဟနေတာဖြစ်ပါတယ်။
