ကျားဖြန့်နှင့် လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက် BGF က DKBA၊ ထိုင်းတပ်နှင့် မြဝတီမှ တရုတ်လုပ်ငန်းရှင်များကို တွေ့ဆုံဆွေးနွေးပြီး လိုက်နာရမည့်စည်းမျဥ်း ငါးချက် ချမှတ်

ဇန်နဝါရီ ၁၇

တရုတ်အွန်လိုင်းလိမ်လည်မှုကျားဖြန့်ဂိုဏ်းတွေနဲ့ သူတို့ရဲ့ လူကုန်ကူးမှုကို တိုက်ဖျက်ရေးအတွက် ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့ BGF က DKBA က တပ်မှူးတွေ၊ ထိုင်းတပ်မတော်ရဲ့ Ratchamanu Task Force ၊ ရွှေကုက္ကိုလ်နဲ့ မြဝတီက တရုတ်လုပ်ငန်းရှင်တွေကို ဇန်နဝါရီ ၁၅ ရက်မှာ တွေ့ဆုံဆွေးနွေးပြီး တရုတ်လုပ်ငန်းရှင်တွေ လိုက်နာရမယ့်စည်းမျဥ်း ငါးချက် ချမှတ်လိုက်တဲ့အကြောင်း ထိုင်းသတင်းဌာနတွေမှာ ဖော်ပြထားပြီး လူ ၆၀ လောက်တွေ့တဲ့ ဒီပွဲမှာ အများစုက တရုတ်လုပ်ငန်းရှင်တွေလို့ သိရပါတယ်။

BGF အကြီးအကဲ ဗိုလ်မှူးချုပ်စောချစ်သူဟာ မြန်မာနိုင်ငံ မြဝတီမြို့မှာ သက်ဆိုင်ရာကဏ္ဍက ပါဝင် ပတ်သက်သူအသီးသီးနဲ တွေ့ဆုံပြီး နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုတွေနဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ စီမံချက်တွေ ဆွေးနွေးခဲ့တာလို့ ထိုင်းနိုင်ငံ Ratchamanu Task Force က သတင်းထုတ်ပြန်ခဲ့တာပါ။ အခုချမှတ်တဲ့ စည်းမျဉ်းအသစ်တွေဟာ အကျပ်ကိုင်ခြိမ်းခြောက်ခိုင်းစေမှုနဲ့ ညှဉ်းပန်းနှိပ်စက်မှုကို ရပ်တန့်ဖို့ ရည်ရွယ်ပြီး၊ အသက်မပြည့်တဲ့ အလုပ်သမားတွေ ခိုင်းစေတာ ခွင့်မပြုဖို့အပြင် ကျားဖြန့် လိမ်လည်လှည့်ဖြားမှုတွေကို အဆုံးသတ်ဖို့လည်း ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။

ဒီတွေ့ဆုံပွဲမှာ BGF အကြီးအကဲစောချစ်သူက မြဝတီမြို့မှာရှိတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ မိတ်ဖက်အားလုံးဟာ လူကုန်ကူးမှုကွန်ရက်တွေ၊ လိမ်လည်လှည့်ဖြားသူတွေ၊ တရားမဝင်စီးပွားရေးလုပ်ငန်းတွေနဲ့ တရားမဝင်လုပ်ဆောင်မှုတွေမှာ ပါဝင်ပတ်သက်တဲ့ အခြားအုပ်စုတွေကို စောင့်ကြည့်ရာမှာ BGF နဲ့ ပူးပေါင်းဆောင်ရွက်ဖို့၊ အကျပ်ကိုင်တာ၊ ခြိမ်းခြောက်တာ၊ ကိုယ်ထိလက်ရောက် စော်ကားတာနဲ့ လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်ခြင်း မပြုဖို့၊ အသက် ၁၈ နှစ်အောက် အလုပ်သမားအသုံးမပြုဖို့၊ လူကုန်ကူးပြီး ငွေကြေးကောက်ခံမှုမပြုဖို့နဲ့ တရားမ၀င်တဲ့ အွန်လိုင်းလိမ်လည်မှုမှာ ဖမ်းမိတဲ့ ဘယ်လိုစီးပွားရေးလုပ်ငန်းကိုမဆို ပိတ်ပစ်ပြီး ထွက်ခွာခိုင်းမယ်ဆိုတဲ့ စည်းကမ်းချက်ငါးချက် သတ်မှတ်ထားကြောင်း ပြောခဲ့ပါတယ်။

တာ့ခ်ခရိုင် မဲဆောက်မြို့မှာ အခြေစိုက်တဲ့ Ratchamanu Task Force ဟာ ထိုင်းမြန်မာနယ်စပ်မှာ ကင်းလှည့်နေတဲ့ Naresuan တပ်ဖွဲ့ရဲ့ လက်အောက်ခံတပ်ဖြစ်ပြီး လက်ရှိမှာတော့ Ratchamanu Task Force ဟာ Maha Wan ခရိုင်ခွဲမှာ ၂၄ နာရီ စစ်ဆေးရေးဂိတ်ကို ထူထောင်ထားပါတယ်။ အရင်က စောင့်ကြည့်ခြင်းမရှိတဲ့ ဒီဧရိယာဟာ အခုအခါ စောင့်ကြည့်ခံနေရပြီး ရည်ရွယ်ချက်က နယ်စပ်လုံခြုံရေးကို ခိုင်မာစေဖို့၊ အများပြည်သူ ဘေးကင်းစေဖို့နဲ့ တရားမဝင် လုပ်ဆောင်မှုတွေ အပြင် ဆိုင်ဘာရာဇ၀တ်မှု၊ လိမ်လည်မှုနဲ့ လူကုန်ကူးမှုတွေ တိုက်ဖျက်ပြီး အထူးသဖြင့် မြန်မာနိုင်ငံကို နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုကို တားဆီးဖို့ဖြစ်ပါတယ်။

Ratchamanu Task Force ရဲ့ တပ်မှူး ဗိုလ်မှူးကြီး Natthakorn Ruentip ဟာ ကရင်နယ်ခြားစောင့်တပ် (BGF)၊ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) နဲ့ မြဝတီမှာ လုပ်ကိုင်နေတဲ့ တရုတ် ရင်းနှီးမြှုပ်နှံသူတွေအကြား တွေ့ဆုံ ဆွေးနွေးခဲ့ရာမှာ BGF နဲ့ DKBA ခေါင်းဆောင်တွေဟာ ဆိုင်ဘာရာဇ၀တ်မှုနဲ့ လူမှောင်ခိုကူးမှု တရားမဝင်လုပ်ငန်းတွေနဲ့ပတ်သက်လို့ တရုတ်ရင်းနှီးမြှုပ်နှံသူတွေကို တားမြစ်ပိတ်ပင်လိုက်ကြောင်းနဲ့ ဒါဟာ အပြုသဘောဆောင်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ သူက ဆိုပါတယ်။ ဒီ အွန်လိုင်းလိမ်လည်မှု ကျားဖြန့်ပြဿနာတွေကို ထိုင်းတစ်နိုင်ငံတည်း ကိုင်တွယ်ဖြေရှင်းဖို့မဖြစ်နိုင်လို့ နှစ်ဖက်စလုံးက ပူးပေါင်းဆောင်ရွက်မှု လိုအပ်တယ်လို့လည်း သူက အထူး အလေး​ပေးပြောခဲ့ပါတယ်။

#centralnewsnaypyitaw

imageimage
+4