ဂျူဗင်တပ်အသင်းနှင့်ဆေးစစ်ရန် မူအာနီ ရောက်လာ
--------------------------
ပြင်သစ်တိုက်စစ်မှူး မူအာနီဟာ ဂျူဗင်တပ်အသင်းနဲ့ ဆေးစစ်မှုခံယူဖို့အတွက် ဇန်နဝါရီ ၁၅ ရက်က အီတလီနိုင်ငံ တူရင်မြို့ကို ရောက်ရှိလာခဲ့ပါတယ်။ မူအာနီကို ရာသီကုန်အထိ အငှားခေါ်ယူဖို့အတွက် ပီအက်စ်ဂျီအသင်းနဲ့ ဂျူဗင်တပ်အသင်းတို့ သဘောတူညီမှုရခဲ့ပြီးနောက် မူအာနီဟာ ဆေးစစ်မှုခံယူကာ အပြီးသတ်စာချုပ် ချုပ်ဆိုဖို့ အတွက် အီတလီကို ရောက်ရှိလာခဲ့တာပါ။
အငှားခေါ်ယူထားတဲ့ ကာလအတွင်း ဂျူဗင်တပ်အသင်းက မူအာနီရဲ့ လုပ်ခလစာကို ပေးချေရမှာဖြစ်ပြီး ရာသီကုန် မှာ အပြီးသတ်ခေါ်ယူဖို့အတွက်တော့ သဘောတူညီချက်ထဲမှာ မပါဘူးလို့ သိရပါတယ်။ ဒါ့ကြောင့် မူအာနီဟာ ရာသီအကုန်မှာ ပီအက်စ်ဂျီအသင်းကို ပြန်သွားရမှာဖြစ်ပြီး ပီအက်စ်ဂျီအသင်းက လာမယ့်နွေရာသီမှာ မူအာနီကို အပြီးသတ် ရောင်းချဖို့အတွက် ဆန္ဒရှိနေပါတယ်။
အသက် ၂၆ နှစ်အရွယ် တိုက်စစ်မှူး မူအာနီအနေနဲ့ ဂျူဗင်တပ်အသင်းနဲ့ ဆေးစစ်မှု အောင်မြင်ခဲ့မယ်ဆိုရင် ရာသီ ကုန်အထိ စီးရီးအေမှာ ကစားရတော့မှာ ဖြစ်ပါတယ်။ ဂျူဗင်တပ်နည်းပြ မော့တာ ကတော့ ကြွက်သားဒဏ်ရာ ကြောင့် အသင်းတိုက်စစ်မှူး ဗလာဟိုဗစ် ကြံ့ခိုင်မှုမပြည့်ဝတဲ့အခြေအနေမှာ တိုက်စစ်မှူးသစ် မူအာနီကို အမြန် ဆုံး အသုံးပြုဖို့အတွက် ရည်ရွယ်ထားပြီး စနေညမှာကစားမယ့် အေစီမီလန် အသင်းနဲ့ ပွဲစဉ်မှာပဲ မူအာနီကို အသုံး ပြုသွားဖွယ်ရှိနေတယ်လို့ သိရပါတယ်။
