တောင်အာဖရိကမိုင်းတွင်းမှ အလောင်းဒါဇင်ချီ တွေ့ရှိ
--------------------------------
မိုင်းတွင်းထဲကနေ အနည်းဆုံး သေဆုံးသူ မိုင်းတွင်းလုပ်သား (၇၈)ယောက်ရဲ့ ရုပ်အလောင်းတွေကို ဆယ်ယူရရှိ ပြီးတဲ့နောက် တောင်အာဖရိကအစိုးရရဲ့ တရားမဝင် မိုင်းတွင်း နှိမ်နင်းမှုဟာလည်း ဝေဖန်မှုတွေနဲ့ ရင်ဆိုင်လာနေ ရပါတယ်။ အဲဒီဖြစ်စဉ်ဟာ ဂျိုဟန်နစ္စဘတ်ခ်မြို့ရဲ့ အနောက်တောင်ပိုင်း မိုင်(၉၀)ကျော် အကွာမှာရှိတဲ့ စတီလ်ဖွန် တိန်း မိုင်းတွင်းထဲမှာ ဖြစ်ပွားနေတာပါ။
ကယ်ဆယ်ရေးအဖွဲ့တွေဟာ ဗုဒ္ဓဟူးနေ့က တတိယမြောက်နေ့အဖြစ် ဆက်လက်ရှာဖွေရာမှာ မိုင်းတွင်းထဲကနေ အနည်းဆုံး လုပ်သား(၁၆၆)ယောက်ကိုလည်း အသက်ရှင်လျက် ကယ်တင်ထားနိုင်ခဲ့ပါတယ်။ နောက်ထပ် လုပ်သား(၁၀၀)လောက်ဟာလည်း အစာရေစာ ပြတ်လပ်တာ၊ ရေဓာတ် ခန်းခြောက်တာတွေကြောင့် မြေအောက် တွင်းထဲမှာပဲ သေဆုံးသွားတယ်လို့ ယူဆရပါတယ်။ တောင်အာဖရိက အလုပ်သမားသမဂ္ဂအစည်းအရုံး (SAFTU) က အဲဒီမိုင်းလုပ်သားတွေ သေဆုံးမှုဟာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုတစ်ခုပေါ်ပေါက်လာတာလို့ ပြောပါတယ်။
အဲဒီမိုင်းလုပ်သားထဲက အများစုဟာ မိုဇမ်ဘစ်နဲ့ တခြား အာဖရိကတောင်ပိုင်း နိုင်ငံတွေက အထောက်အထားမဲ့ အလုပ်သမားတွေဖြစ်ကြပြီး နိုင်ငံအစိုးရရဲ့ ထိတ်လန့်ဖွယ် တမင်လစ်လျူရှုမှုကြောင့် သေဆုံးရတာလို့ ပြောပါ တယ်။ အာဏာရ ANC ပါတီနဲ့ ညွန့်ပေါင်း ဖွဲ့ထားတဲ့ ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ကလည်း ဘာကြောင့် အဲဒီမှာ အခြေအနေတွေ ဆိုးဆိုးရွားရွားဖြစ်ဖို့ ခွင့်ပြုထားရသလဲလို့ အစိုးရရဲ့ ကိုင်တွယ်ပုံနဲ့ ပတ်သက်ပြီး မေးခွန်းထုတ် ခဲ့ဖူးပါတယ်။
ပြီးခဲ့တဲ့အပတ်က ထွက်ပေါ်လာတဲ့ မျက်မြင် ဗီဒီယိုမှာ ပလတ်စတစ်နဲ့ ထုတ်ထားတဲ့ အလောင်း အများအပြား မိုင်းတွင်းထဲမှာတွေ့ရပြီး အင်္ကျီမပါ ပိန်လှီပြီး အရိုးနဲ့နံရိုးတွေ ငေါ်ထွက်နေတဲ့ လူတွေကိုလည်း တွေ့ရပါတယ်။ အသက်ရှင်ကျန်ရစ်သူတွေဟာ ရေနဲ့ စားစရာပြတ်လပ်မှုကို သီတင်းပတ်များစွာ ရင်ဆိုင်ခဲ့တဲ့နောက် လမ်းလျှောက် နေတဲ့ လူသေတွေနဲ့တောင်တူနေပြီး အစိုးရဟာ လူမဆန်စွာ ပြုကျင့်ခဲ့တယ်လို့ SAFTU သမဂ္ဂက ပြောပါတယ်။ တောင်အာဖရိက နိုင်ငံဟာ နှစ်စဉ် တရာမဝင် မိုင်းတွင်းတွေကြောင့် အမေရိကန်ဒေါ်လာ (၁)ဘီလီယံ ဆုံးရှုံးနေ ရတဲ့နောက် အဲဒီလုပ်ငန်းတွေကို နှိမ်နင်းဖို့ ကတိပြုထားတာပါ။ တောင်အာဖရိကထဲမှာ တရားမဝင် မိုင်းလုပ်သား (၁)သိန်း လောက်ရှိနေတယ်လို့လည်း ခန့်မှန်းရပါတယ်။

