မရမ်းကုန်းရှိ တိုက်ခန်းတစ်ခုတွင် လူသတ်မှုဖြစ်ပွားကာ အမျိုးသားကြီးတစ်ဦး ဓားဒဏ်ရာ(၅)ချက်ဖြင့် ပွဲချင်းပြီး သေဆုံး
ဇန်နဝါရီ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ တိုက်ခန်းတစ်ခုတွင် လူသတ်မှုဖြစ်ပွားကာ အမျိုးသားကြီးတစ်ဦး ဓားဒဏ်ရာ(၅)ချက်ဖြင့် ပွဲချင်းပြီးသေဆုံးသွားခဲ့သည့်ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ကြောင်း ဖြစ်စဉ်အား သိရှိသူတစ်ဦးက ပြောသည်။
ဖြစ်စဉ်မှာ ယမန်နေ့(ဇန်နဝါရီလ ၁၅ ရက်)၊ ညနေ ၅ နာရီအချိန်တွင် မရမ်းကုန်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ မြို့သစ်လမ်း၊ (၆)လွှာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“လူသတ်မှုဖြစ်တာ။ ရန်ငြိုးရန်စရှိလို့ဖြစ်မယ်လို့ ထင်တယ်။ အသေးစိတ်ကိုတော့ မသိပါဘူး။ ဒဏ်ရာက (၅)ချက် လောက်ရှိတယ်။ လည်ပင်းနဲ့ ရင်ဘက်ပေါ့။ တရားခံနဲ့ပတ်သက်ပြီး ကျွန်တော်တို့လည်း မသိပါဘူး။ မိသားစုဝင် တွေတော့ မတွေ့ဘူး။ ကျွန်တော်တို့မြင်တာတော့(တိုက်ခန်းထဲမှာ) သူတစ်ယောက်တည်းပဲ တွေ့တယ်” ဟု အထက်ပါသတင်းရင်းမြစ်က ပြောသည်။
အဆိုပါ လူသတ်မှုဖြစ်စဉ်တွင် အသက်(၅၉)နှစ်အရွယ် ဦးခင်မောင်သိန်းသည် ၎င်း၏ နေအိမ်တိုက်ခန်းအတွင်း သတ်ဖြတ်ခံထားရကာ အခင်းဖြစ်နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ စစ်ဆေးချက်အရ သိရသည်။
သေဆုံးသူအမျိုးသား၏ ရုပ်အလောင်းကို မြတ်ကုသိုလ်လူမှုကယ်ဆယ်ရေးအသင်းက အင်းစိန်မြို့နယ် ပြည်သူ့ ဆေးရုံ ရင်ခွဲရုံသို့ပို့ဆောင်ပေးခဲ့ပြီး အထက်ပါ လူသတ်မှုဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူများက စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
#centralnewsnaypyitaw
