ကမ္ဘာ့ဒူးရင်းသီးအများဆုံးတင်ပို့တဲ့အုပ်စုထဲကို ဗီယမ်နမ်နိုင်ငံ ဝင်ရောက်လာ

ဇန်နဝါရီ ၁၄

ဗီယက်နမ်နိုင်ငံဟာ ၂၀၂၄ ခုနှစ်မှာ ဒူးရင်းပြည်ပပို့ကုန်တန်ဖိုး ဒေါ်လာ ၃.၃ ဘီလျံဖိုး တင်ပို့နိုင်ခဲ့တဲ့အတွက် နိုင်ငံတ ကာဒူးရင်းဈေးကွက်ထဲမှာ ဗီယက်နမ်နိုင်ငံဟာ ဒူးရင်းသီးအများအပြားတင်ပို့တဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် ဝင်ရောက်လာနိုင် ခဲ့ပြီဖြစ်ကြောင်း CNBC သတင်းဌာနမှာ ရေးသားဖော်ပြထားပါတယ်။

ဗီယက်နမ်နိုင်ငံဟာ ၂၀၂၂ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် ၂၀၂၄ ခုနှစ်မှာ ဒူးရင်းသီး ပြည်ပပို့ကုန် ၇.၈ ဆ တိုးမြှင့် တင်ပို့နိုင်ခဲ့ပြီး ဒူးရင်းသီးတင်ပို့မှုဟာ စုစုပေါင်း သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက် ပြည်ပပို့ကုန်ရဲ့ ၅၀% နီးပါး ရှိပါတယ်။

ဒူးရင်းသီးကို ဇိမ်ခံစားစရာအသီးတစ်ခုအဖြစ်မှတ်ယူထားတဲ့ တရုတ်နိုင်ငံရဲ့ ဝယ်လိုအား မြင့်တက်မှုကြောင့် အခုလို အောင်မြင်မှုကြီးကြီးမားမားရရှိခဲ့တာဖြစ်ပါတယ်။

၂၀၂၄ ခုနှစ် နိုဝင်ဘာလမှာ တရုတ်နိုင်ငံဟာ ဒေါ်လာ ၆.၈၃ ဘီလျံတန်ကြေးရှိ ဒူးရင်းသီးတန်ချိန် ၁.၅၃ သန်း တင်သွင်း ခဲ့ရာ အရင်နှစ်ကထက် ဒူးရင်းသီးတင်သွင်းမှု ၉.၄% မြင့်တက်ခဲ့ပါတယ်။

ဝင်ငွေကောင်းလှတဲ့ ဒီဒူးရင်းသီးဈေးကွက်မှာ ဗီယက်နမ်နိုင်ငံဟာ ဈေးကွက်ဝေစု ၄၇% ကို သိမ်းပိုက်ထားနိုင် ပြီး ဈေးကွက်ထိပ်ဆုံးက ဦးဆောင်နေတဲ့ ထိုင်းနိုင်ငံကို မီလုမီခင်နီးပါးဖြစ်ပါတယ်။

ဒူးရင်းသီးကို ဒူးရင်းဟောပေါ့၊ ဒူးရင်းပေါင်မုန့်နဲ့ နေ့ကြီးရက်ကြီးတွေမှာစားသုံးရတဲ့ ဒူးရင်းသီးဘူဖေးတို့လို ဒူးရင်းအစား အသောက်အမျိုးမျိုးကို တီထွင်ဖန်တီးထုတ်လုပ်ကြတဲ့အတွက် ဒူးရင်းသီးဟာ တရုတ်နိုင်ငံရဲ့ လူလတ်တန်းစားအသိုင်း အဝိုင်းမှာ ရေပန်းစားနေတဲ့ အစားအသောက်တစ်မျိုးဖြစ်ပါတယ်။

ဈေးကွက်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ဖို့အတွက် အရည်အသွေးမြင့် ဒူးရင်းသီးကို တစ်နှစ်ပတ်လုံး စိုက်ပျိုး ထုတ်လုပ်ခြင်းအားဖြင့် ဗီယက်နမ်နိုင်ငံဟာ အဲဒီအခွင့်အရေးကို အကျိုးရှိရှိ အသုံးပြုနေတာဖြစ်ပါတယ်။

တပြိုင်တည်းမှာပဲ ဈေးကွက်ယှဉ်ပြိုင်ဝင်ရောက်လာတဲ့ အင်ဒိုနီးရှားနိုင်ငံကလည်း၂၀၂၃ ခုနှစ်မှာ ဒူးရင်းသီး ဒေါ်လာ ၁.၀၇ သန်းဖိုး တင်ပို့နိုင်ခဲ့ပေမဲ့ ဗီယက်နမ်တင်ပို့မှုအောက်မှာ သိသိသာသာ လျော့နည်းနေဆဲပဲ ဖြစ်ကြောင်း အင်ဒိုနီးရှား စာရင်းအင်းဌာနက ပြောပါတယ်။

ဗီယက်နမ်နိုင်ငံဟာ ဘက်စုံစေ့စပ်တဲ့မဟာဗျူဟာချမှတ်မှု၊ ထုတ်ကုန်ပစ္စည်းအရည်အသွေးကောင်းမွန်မှု၊ နည်းပညာတီ ထွင်ဖန်တီးနိုင်မှုနဲ့ နိုင်ငံတကာဈေးကွက်ချဲ့ထွင်နိုင်မှုတို့ကြောင့် အခုလို အောင်မြင်မှုမျိုး ရရှိခဲ့တာဖြစ်ကြောင်း CNBC သတင်းဌာနက ပြောပါတယ်။

ဗီယက်နမ်နိုင်ငံဟာ အထူးသဖြင့် မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသနဲ့ တောင်တန်းဒေသတွေမှာရှိတဲ့ ဒူးရင်းစိုက်ပျိုး မြေ ဟက်တာ ၁၅၀,၀၀၀ ကိုအသုံးပြုပြီး အရည်အသွေးကောင်းမွန်တဲ့ ဒူးရင်းသီးတွေ တစ်နှစ်ပတ်လုံးစိုက်ပျိုး နေတာဖြစ်ပါတယ်။

၂၀၂၂ ခုနှစ်မှာ ပြည်ပပို့ကုန်စည်းမျဉ်းတွေကတစ်ဆင့် တရုတ်နိုင်ငံနဲ့ ချုပ်ဆိုခဲ့တဲ့ “မဟာဗျူဟာမြောက် ကုန်သွယ်ရေး သဘောတူစာချုပ်” တစ်ရပ်ကလည်း ဗီယက်နမ်နိုင်ငံရဲ့ ဈေးကွက်ရပ်တည်ရေးခိုင်မာမှုကို ပိုမိုအားဖြည့်မြှင့်တင်ပေးခဲ့တာ ဖြစ်ပါတယ်။

အဲဒီလိုဖြစ်တာနဲ့အညီ ဗီယက်နမ်နိုင်ငံဟာ ၎င်းတို့ထုတ်ကုန်အတွက် အစားအသောက်ဘေးကင်းလုံခြုံမှုစံနှုန်း တွေ တင်းကျပ်စွာချမှတ်ထားသလို ထုတ်ကုန်မူလတန်ဖိုးအရည်အသွေးကို ထိန်းသိမ်းထားပြီး ခေတ်မီ အေးခဲနည်း နည်းပညာတွေကို အသုံးပြုထားပြီးမှ ပြည်ပနိုင်ငံကို တင်ပို့တာဖြစ်တယ်လို့ ဆိုပါတယ်။

#သတင်းဟင်းလေးအိုးကြီး

imageimage