ကိုဗစ်နှင့် HMPV ရောဂါပိုး စသည့် ရောဂါပိုးများ ကူးစက်ဖြစ်ပွားမှုမှကာကွယ်နိုင်ရန် အသိပေးချက်ထုတ်ပြန်
ဆောင်းရာသီကာလမှာ လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါတွေ ဖြစ်ပွားစေတတ်တဲ့ ရာသီတုပ်ကွေးရောဂါပိုးတွေ၊ ကိုဗစ်
-၁၉ ရောဂါပိုး၊ HMPVရောဂါပိုး စတဲ့ အဏုဇီဝရောဂါပိုးတွေ ကူးစက်ဖြစ်ပွားမှုမှ ကာကွယ်နိုင်ဖို့ ကျန်းမာရေးဝန်ကြီးဌာနက ဇန်နဝါရီ၁၃ရက်မှာ အသိပေးချက်ထုတ်ပြန်ထားပါတယ်။
ဆောင်းရာသီမှာ အဲ့ဒီရောဂါပိုးတွေ ကူးစက်ဖြစ်ပွားမှုမြင့်တက်လေ့ရှိပြီး ကလေးငယ်တွေ၊ အသက်အရွယ်ကြီးရင့်သူတွေနဲ့ ကိုယ်ခံအားစနစ်ကျဆင်းနေသူတွေမှာ ရောဂါပိုမိုပြင်းထန်စွာ ခံစားရနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ရောဂါကူးစက်ပုံနည်းလမ်းတွေကတော့ ရောဂါပိုးကူးစက်ခံစားနေရသူရဲ့ ချောင်းဆိုးတာ၊ နှာချေတာကြောင့်ထွက်တဲ့ အစက်အမှုန်တွေကနေတစ်ဆင့်ကူးစက်တာ၊ ရောဂါပိုးကူးစက်ခံစားနေရသူနဲ့ အနီးကပ်ထိတွေ့တာ၊ လက်ဆွဲနှုတ်ဆက်တာကတစ်ဆင့်ကူးစက်တာ၊ ရောဂါပိုးကပ်တင်နေတဲ့ အရာဝတ္ထုပစ္စည်းတွေ၊ မျက်နှာပြင်တွေကို လက်နဲ့ထိမိပြီး ပါးစပ်၊ နှာခေါင်းနဲ့ မျက်စိတို့ကို ထပ်ဆင့်ထိမိရာကတစ်ဆင့် ကူးစက်တာတွေဖြစ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။
ရောဂါလက္ခဏာတွေအနေနဲ့ကတော့ ချောင်းဆိုးတာ၊ ဖျားတာ၊ နှာစေးနှာပိတ်တာ၊ လည်ချောင်းနာတာ၊ အသက်ရှူကြပ်တာ၊ ရောဂါပြင်းထန်ရင် လေပြွန်ရောင်တာ၊ အဆုတ်ရောင်တာတွေ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
ရောဂါသံသယလက္ခဏာတွေ ခံစားရရင် ပါးစပ်နဲ့နှာခေါင်းစည်း(Mask)တပ်တာ၊ ဆပ်ပြာနဲ့ရေ ဒါမှမဟုတ် ရေမလိုလက်သန့်စင်ဆေးရည်နဲ့ စနစ်တကျလက်ဆေးတာ၊ နှာချေ၊ ချောင်းဆိုးရင် နှာခေါင်းနဲ့ပါးစပ်ကို လုံခြုံစွာဖုံးအုပ်တာ၊ တခြားသူတွေနဲ့ခပ်ခွာခွာနေတာ စတဲ့ ကာကွယ်ရေးနည်းလမ်းတွေကို လုပ်ဆောင်ဖို့လိုတယ်လို့ ဖော်ပြထားပါတယ်။
လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါဖြစ်ပွားမှုမြင့်တက်နေတဲ့ ပြည်ပနိုင်ငံတွေကို သွားရာက်မယ့်သူတွေအနေနဲ့ ရောဂါပိုးကူးစက်ခံရမှုမရှိစေရေး သတိပြုကာကွယ်ကြဖို့နဲ့ မိမိနိုင်ငံကို ပြန်လည်ရောက်ရှိပြီးနောက် ရောဂါသံသယလက္ခဏာတွေ ပေါ်ပေါက်လာရင် နီးစပ်ရာကျန်းမာရေးဌာနတွေကို စောစီးစွာ သွားရောက်ပြသပြီး ကုသမှုခံယူကြဖို့ အသိပေးထုတ်ပြန်ထားပါတယ်။
လက်ရှိမြန်မာနိုင်ငံမှာ HMPVရောဂါပိုးကူးစက်မှုအပါအဝင် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါပိုး ကူးစက်ဖြစ်ပွားမှုတွေကို စောင့်ကြည့်နေပြီး စိုးရိမ်စရာမရှိသေးဘူးလို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားထားပါတယ်။
