ရခိုင်နဲ့ထိပ်စပ်နေတဲ့ ဧရာဝတီတိုင်း ကျေးရွာတွေမှာ ဆက်သွယ်ရေးလိုင်း ပြတ်တောက်မှုတွေ ဖြစ်ပေါ်နေ

ဇန်နဝါရီ ၁၄

ဒေသတွင်းတိုက်ပွဲတွေဖြစ်ပွားရာ ရခိုင်ပြည်နယ်အစပ်နဲ့ နီးရာ ဧရာဝတီတိုင်းအစပ်က ကျေးရွာတွေမှာ အခုလတ်တလောမှာ ဖုန်းလိုင်းတွေရတချက်၊မရတချက်ဖြစ်နေလို့ ဆက်သွယ်ရေးလိုင်းတွေ လုံးလုံးပြတ်တောက်သွားမှာကို ဒေသခံတွေအနေနဲ့ စိုးရိမ်နေကြတယ်လို့ သိရပါတယ်။

"ဖုန်းလိုင်းလည်းရတဲ့အခါရတယ်။ မရတဲ့အခါမရဘူး။အင်တာနက်လိုင်းတွေလည်း အရင်လိုမကောင်းဘူး။ အဆက်အသွယ်ပြတ်သွားမှာပဲကြောက်တာပါ။တိုက်ပွဲတွေက ဒီဘက်တွေနဲ့ နီးလာပြီလေ။တရွာနဲ့ တရွာကလည်းအဝေးကြီးပဲ။ဒီဘက်တွေအခြေအနေမကောင်းဘူးလို့ကြားနေရတယ်။ရွာထဲမှာလည်း ရွာကလူငယ်တွေကအမြဲကင်းစောင့်နေရတယ်။တပ်ကလည်းကင်းလှည့်တယ်။အခုကာလက ရွာထဲကိုအပြင်လူတစိမ်းတွေလည်းအဝင်မခံဘူးပေါ့။နောက်ကျရင်အခြေအနေတွေကဘယ် လိုဖြစ်လာအုံးမလဲမသိသေးပါဘူး။အခုတော့ရွာမှာပဲ အဆင်ပြေသလိုနေနေရတယ်။ အရေးအကြောင်းဆိုပြေးဖို့လွှားဖို့ကလည်းမလွယ်ပါဘူး"လို့ ရခိုင်နဲ့ ဧရာဝတီတိုင်းအစပ်က ကျေးရွာတရွာမှာ နေထိုင်တဲ့ ဒေသခံတယောက်က ပြောပြပါတယ်။

ရခိုင်ပြည်နယ်အတွင်းက ဂွမြို့နယ်တိုက်ပွဲတွေကြောင့် ဧရာဝတီတိုင်းအတွင်းမှာ ရခိုင်စစ်ဘေးရှောင်တွေ တိုးပွားလာနေတယ်လို့ ဒေသခံတွေကဆိုပါတယ်။

ဒါအပြင် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ဧရာဝတီတိုင်းဒေသကြီးအတွင်းက နာမည် ကျော်အပန်းဖြေစခန်းတခုဖြစ်တဲ့ ချောင်းသာ ကမ်းခြေအနီးမှာတည်ရှိတဲ့ ရွှေသောင်ယံမြို့နားက မကျီးဇင်ရွာကို ရခိုင်တပ်တော် AA နဲ့ ပူးပေါင်းတပ်တွေက လာ ရောက်တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်လာမှုအပြီးမှာ ရခိုင်ပြည်နယ်အတွင်းကတိုက်ပွဲတွေဟာ ဧရာဝတီတိုင်းအတွင်းကို ကူးစက်ဖြစ်ပွားလာမှာကိုလည်းဧရာဝတီတိုင်းဒေသခံတွေက စိုးရိမ်နေကြတာဖြစ်ပါတယ်။

"အခုဆိုဒီဘက်တွေနဲ့ နီးလာပြီလို့လည်းပြောနေကြတာပါပဲ။တချို့လည်းဈေးဆိုင်တွေကအစမဖွင့်ရဲလို့ ပိတ်ထားကြတာရှိတယ်။အခုကျောင်းကုန်းမှာဆိုလည်း ဟိုတလောထဲက စစ်သားတွေအများကြီးရောက်နေတာတွေ့ရတယ်။ဂွ၊ငသိုင်းချောင်း၊ရေကြည်၊အသုတ်၊ကျောင်းကုန်းကတောက်လျှောက်တဆက်တည်းလေ"လို့ ကျောင်းကုန်းမြို့ဒေသခံတယောက်က ဆက်ပြီး ပြောပြခဲ့ပါတယ်။

ဂွမြို့နယ် စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့ကတော့ ဧရာဝတီတိုင်းအတွင်းကိုရောက်ရှိနေတဲ့ ရခိုင်စစ်ဘေးရှောင်ပြည်သူတွေအနေ နဲ့ မိမိတို့နေရပ်ဒေသကို ပြန်နိုင်ရေးအတွက် မျက်စိဖွင့် နားစွင့်ထားကြဖို့နဲ့ ဘေးကင်းလုံ ခြုံစွာနဲ့ နေရပ်ပြန်နိုင်ဖို့ လေ့လာထားကြဖို့ အသိပေးတိုက်တွန်းနှိုးဆော်ထားပေမယ့် ဒီကနေ့အထိတော့ ဧရာဝတီတိုင်းအတွင်းကရခိုင်စစ်ဘေးရှောင်အများစုဟာ နေရပ်ကိုပြန်နိုင်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။

"ဧရာဝတီတိုင်းဘက်ကိုတခေါက်သွားကြည့်တယ်။ရခိုင်စစ်ဘေးရှောင်ပြည်သူတွေတော် တော်များများရောက်နေတာကို တွေ့ရပါတယ်။တော်တော်လေးလည်းဒုက္ခရောက်နေ ကြတယ်။နေရပ်စွန့်ခွာလာပြီဆိုထဲက မိမိတို့ဒေသမှာနေလို့ မရတော့တာ သေချာတယ်လေ။တချို့ဆိုစားစရာမရှိ၊နေစရာမရှိနဲ့ပေါ့၊အတော်လေးအတိဒုက္ခရောက်နေကြတာရှိပါတယ်"လို့ ရခိုင်စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူ တယောက်က ပြောပြပါတယ်။

ရခိုင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တခုဖြစ်တဲ့ ရခိုင်တပ်တော် AA က ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ဒီဇင်ဘာလအတွင်းမှာ ရခိုင်ပြည်နယ်ရဲ့ တောင်ဖက်အကျဆုံး မြို့ဖြစ်တဲ့ ဂွမြို့ကို နောက်ဆုံးသိမ်းပိုက်ရရှိခဲ့တာဖြစ်တယ်လို့လည်း သတင်းထုတ်ပြန်ထားတာကိုလည်းတွေ့ရပါတယ်။

ဒါအပြင် နောက်ဆုံးသတင်းတွေအရ ရခိုင်ပြည်နယ်အတွင်းက ဒေသတွင်းတိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်ရဲ့မြို့တော်ဖြစ်တဲ့ စစ်တွေမြို့အနီအနားဝန်းကျင်မှာ ရံဖန်ရံခါပစ်ခတ်သံတွေကြားနေရတယ်လို့ ဆိုပြီး ဆက်သွယ်ရေးလိုင်းတွေဖြစ်တဲ့ ဖုန်းလိုင်းတွေနဲ့ အင်တာနက်လိုင်းတွေဟာလည်း ကောင်း မွန်ခြင်းမရှိဘူးလို့ ဆိုပါတယ်။

"ရခိုင်မှာက ဖုန်းလိုင်းတွေတခုမှမရဘူး။စစ်တွေမြို့ပေါ်မှာတောင် ဖုန်းလိုင်းတွေက မကောင်းဘူး မိတချက်၊မမိတချက်ပါ၊အခုအင်တာနက်လိုင်းတွေလည်းမကောင်းပါဘူး"လို့ စစ်တွေမြို့ဒေသခံတယောက်က ပြောပြပါတယ်။

မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအင်စတီကျု(ISP-Myanmar)ကတော့ ရခိုင်ပြည်နယ်အတွင်းမှာ စစ်ဘေးဒုက္ခသည်တွေတိုးလာခဲ့ပြီး အခြားလက်နက်ကိုင်ပဋိပက္ခဖြစ်ပွားရာဒေသတွေထက် စစ်ဘေးဒုက္ခသည် ၉၈ ရာခိုင်နှုန်းကျော်ရှိနေတယ်လို့ သူတို့ရဲ့ လေ့လာမှုစစ်တမ်းတရပ်မှာဖော်ပြထားပါတယ်။

Photo - CJ

#သတင်းဟင်းလေးအိုးကြီး

image