ဖားကန့် နွံကန်ပြိုကျမှု ၁၂ ယောက်ထက်မနည်း သေဆုံးပြီး ပျောက်ဆုံးသူအရေအတွက် မသိရသေး

ဇန်နဝါရီ ၁၃

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ ဒီကနေ့ ဇန်နဝါရီ ၁၃ ရက်၊ မနက်ပိုင်းက နွံကန်ပြိုကျမှု ဖြစ်ပွားခဲ့ပြီး လူသေဆုံးမှုရှိကာ နေအိမ် ငါးဆယ်ခန့် နွံထဲ နစ်မြုပ်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဲဒီဖြစ်စဉ်ဟာ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ စပေါ့ကျေးရွာမှာ ဒီကနေ့ မနက် ၁ နာရီခွဲဝန်းကျင်က ဖြစ်ပွားခဲ့တာဖြစ်ပြီး လက်ရှိအချိန်အထိ ရုပ်အလောင်း ၁၂ လောင်း ရှာဖွေရရှိထဒေသလို ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

“ရုပ်အလောင်း ၁၂ လောင်းက လူကြီးက ကိုးယောက်နဲ့ ကလေးက သုံးယောက်ပါတယ်။ ကျောက်တူးဖော်နေတဲ့ အချိန်မှာ ဖြစ်သွားတာပေါ့။ အဲဒီလုပ်ကွက်ထဲမှာ အဲဒီအချိန် အလုပ်သမား အယောက် ၃၀ ဝန်းကျင်လောက်ရှိတယ်ပြောတယ်။ ကုမ္ပဏီလုပ်ကွက် (ဒေသအခေါ် ရတနာအဓိပတိ) လုပ်ကွက်မှာ နွံကန်ပေါက်သွားတာပါ။ သေဆုံးသူကတော့ ဒီထက်များနိုင်တယ်။ စပေါ့ကျေးရွာ၊ ရပ်ကွက် (၃) က အိမ်တွေကိုလည်း ရွံ့နွံတွေ ဖုံးအုပ်သွားတယ်။ ခန့်မှန်းခြေ အိမ်အလုံး ၅၀ လောက်ရှိမယ်” လို့ သူက ပြောပါတယ်။

ပေါက်ကျခဲ့တဲ့ နွံကန်ဟာ အခု ၂၀၂၅ ခုနှစ်၊ ကျောက်စိမ်းတူးဖော်ရေး ရာသီချိန်ကာလမှာ ရေကန်အတွင်း မြေစာဖို့ခဲ့ရာမှ မြေစာဝိတ်ပိမိပြီး ပေါက်ကျခဲ့ရခြင်းဖြစ်တယ်လို့ ကယ်ဆယ်ရေး လုပ်ဆောင်ရာမှာ ပါဝင်သူတယောက်က ပြောပါတယ်။

“နွံကန်ကို မြေစာဖို့တော့ နွံရေက ထွက်ပေါက်မရှိတော့ မြေမြေအောက် ပွင့်ထွက်လာတာ။ မြေစာနွံတွေက ကျောက်ရှာနေတဲ့ လူတွေအကုန်ပါသွားပြီးမှ ရွာထဲကို နွံတွေ ရောက်လာတာ။ မိုးတွင်းမဟုတ်လို့ တော်သေးတယ်ပြောရမယ်။ မိုးတွင်းဆို ရေပါ ပါလာရင် ဒီထက် ပိုဆိုးမယ်။ အခုကတော့ နွံအောက် ရောက်နေတဲ့သူတွေကို ရှာဖွေကယ်ဆယ်ရေး ဆက်လုပ်နေတယ်။ နွံကန်ပေါက်ကျတဲ့အထဲ ပါသွားတဲ့သူ စာရင်းအတိအကျကိုတော့ ဒီအချိန်မှာ မသိနိုင်သေးဘူး” လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်နေ့ကလည်း မှော်စီစာကျေးရွာ၊ အောင်သာယာရပ်ကွက်ရှိ ဒေသအခေါ် တင်အောင်ကြိုင်မြေစာပုံ ပြိုကျခဲ့မှုကြောင့် မြေစာသွန်တဲ့ ကားနှစ်စီးနဲ့ ကျောက်ရှာဖွေသူ ၁၀ ယောက်ထက်မနည်း ရေကန်အတွင်း ပြုတ်ကျ ပျောက်ဆုံးမှု ဖြစ်ပွားခဲ့ပါသေးတယ်။


အဲဒီလိုပဲ လွန်ခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့ကလည်း ဖားကန့်မြို့နယ်၊ အေးမြသာယာအုပ်စု၊ မနမှော်က ကျောက်စိမ်းတူးတဲ့ လုပ်ကွက်ဟောင်းမှာ မြေပြိုမှု ဖြစ်ပွားခဲ့ပြီး ရေမဆေးကျောက် ရှာဖွေသူ အယောက် ၃၀ ကျော် သေဆုံးခဲ့ရပါတယ်။

ဒါအပြင် ၂၀၂၀ ခုနှစ်၊ ဇူလိုင်လအတွင်း ဖြစ်ပွားခဲ့တဲ့ ဝှေခါကျေးရွာက ကျောက်စိမ်းလုပ်ကွက် ကမ်းပါးပြိုကျမှုမှာလည်း ရေမဆေးကျောက်ရှာဖွေသူ ၁၇၀ ကျော် နွံနစ်သေဆုံးခဲ့ပြီး အသေအပျောက် အများဆုံး ဖြစ်ခဲ့ပါတယ်။

Photo:CJ

#centralnewsnaypyitaw

image
image
image
image