ဆိုလာနှင့်ချိတ်ဆက်ထားသော ဘတ္ထရီအိုးအပူလွန်ကဲရာမှ နေအိမ်၂ လုံးမီးလောင်မှု မြဝတီမြို့တွင် ဖြစ်ပွား

ဇန်နဝါရီ ၁၃

ကရင်ပြည်နယ် ၊ မြဝတီမြို့ ၊ အမှတ်(၅)ရပ်ကွက်၊ ဆင်းရွှေလီ(၃)လမ်းရှိ ခြေတံရှည်နေအိမ်တွင် ဇန်နဝါရီလ ၁၁ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်က ဆိုလာနှင့်ချိတ်ထားသော ဘတ္ထရီအိုးအပူလွန်ကဲရာမှ နေအိမ် ၂ လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြဝတီခရိုင်မီးသတ်ဦးစီးဌာနထံမှ သိရသည်။

ဖြစ်စဥ်မှာ အလျား ပေ ၂၀၊ အနံ ပေ ၄၀ ရှိ သွပ်မိုး၊ ပျဉ်ထောင်၊ ပျဉ်ခင်း၊ ပျဉ်ကာ၊ ခြေတံရှည်လူအိမ်တွင် ဆိုလာနှင့် ချိတ်ဆက်ထားသော ဘတ္ထရီအိုး အပူလွန်ကဲရာမှ အနီးရှိ ဆိုဖာနှင့် အဝတ်အစားများသို့ မီးကူးစက်ခဲ့ကာ မီးလောင်မှု စတင်ဖြစ်ပွားခဲ့ကြောင်း စစ်ဆေးသူများ၏ အတည်ပြုချက်အရ သိရသည်။

မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့သောမီးလောင်မှုကြောင့် သွပ်မိုး၊ ပျဉ်ထောင်၊ ပျဉ်ခင်း၊ ပျဉ်ကာ၊ ခြေတံရှည်နေအိမ် ၁ လုံး၊ သွပ်မိုး၊ ပျဉ်ထောင်၊ ပျဉ်ကာ၊ ပျဉ်ခင်းနေအိမ်ရှေ့ရှိ ဆိုင်ခန်း ၁ ခန်း၊ အုတ်ညှပ် ၂ ထပ်​နေအိမ်၏ အပေါ်ထပ်မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

နေအိမ်မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၃ စီး၊ ရေသယ်ယာဉ် ၃ စီး၊ ပုဂ္ဂလိကရေသယ်ယာဉ် ၃ စီး၊ စည်ပင်ရေသယ်ယာဉ် ၁ စီးတို့ဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် အိမ်ရှင် ဦးလင်းကိုကို ကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် မြဝတီမြို့မရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Credit - MT News Agency

#centralnewsnaypyitaw

image
image
image