ပေါက်စီအိအိလေး လုပ်စားကြမယ် 😍
🍔တကယ်တော့ ပေါက်စီလုပ်နည်းက မခက်လှပါဘူး ၊ လုပ်တတ်ရင် ကောင်းကောင်းလည်းစားရ ၊ ငွေကုန်ကြေးကျလည်းသက်သာ ၊ သန့်လည်းသန့်ရှင်းတာမို့ ဦးကျောက်နှမကို ပေါက်စီလုပ်နည်း သင်ပေးပြီး တူမတွေကို မကြာမကြာ လုပ်ကျွေးခိုင်းတာပေါ့ဗျာ ။ အခုလည်း… ဂဇက်မြို့သူမြို့သားတွေကို အပျင်းပြေပဲဖြစ်ဖြစ် အဆာပြေပဲဖြစ်ဖြစ် လုပ်စားကြည့်ဖို့ နည်းလေးပေးပါရစေ။
🍔ပေါက်စီ ဌာပနာကို မိမိနှစ်သက်ရာ အသား အသီးအရွက်နဲ့လုပ်လို့ရပါတယ် ။ နောက်ဆုံး ဌာပနာလုပ်ရမှာပျင်းရင် လက်ကျန် ကြက်ကြော်ပဲဖြစ်ဖြစ် ၊ အသားပြုတ်ပဲဖြစ်ဖြစ် ၊ပဲအချိုယို(သို့) ကြက်အူချောင်းပဲဖြစ်ဖြစ် ဒီအတိုင်းထည့်လို့ရပါတယ် ။ ပုံမှန် ဆိုင်မှာရောင်းသလို ထည့်တဲ့ အဆာသွတ် အတွက်
၁-ကြက်သား နုတ်နုတ်စဉ်း – 200 grams (၁၂ကျပ်ခွဲသား)
၂-ကြက်သွန်နီ/ကြက်သွန်မြိတ် နုတ်နုတ်စဉ်း – 100 grams
၃-ပဲငံပြာရည် အကြည် – အချိုဇွန်းနဲ့ ၁ဇွန်း
၄- သကြား – အချိုဇွန်းနဲ့ ဇွန်းဝက်
၅- ကြက်သားမှုန့် – အချိုဇွန်းနဲ့ ဇွန်းဝက်
၆-ပြောင်းဖူးမှုန့် (ကော်မှုန့်) – အချိုဇွန်းနဲ့ ၁ဇွန်း
၇-ရေကျက်အေး – စားပွဲတင် ၁ဇွန်း
၈- နှမ်းဆီ – ၂စက်ခန့်
၉- ဆား/ တရုတ် ငရုပ်ကောင်း – အနည်းငယ်
အထက်တွင်ဖော်ပြထားသော ပါဝင်ပစ္စည်းအားလုံးကို သမအောင်ရောမွှေ၍ အဖုံးအုပ်ပြီး နာရီဝက်ခန့် နှပ်ထားပါ…။ ပေါက်စီ တစ်လုံးချင်းစီ၌ ထည့်ရန်… ကြက်ဥ / ဘဲဥပြုတ် – ၂ လုံး ကို လေးစိတ်စီ စိတ်ထားပါ ၊ ကြက်အူချောင်း ကို – ၈ တုံး စွေစောင်း လှီးထားပါ ။
ပေါက်စီလုပ်ဖို့ မုန့်သား (ဒိုး – Dough) နှပ်နည်းက တစ်ဦးနဲ့ တစ်ဦး နဲနဲတော့ကွဲပါတယ် ။ ကျောက်စ်ရဲ့ နည်းကတော့ ဒီလိုပါခင်ဗျာ…
၁။ All-purpose Flour – မုန့်လုပ်ရာမှာ သုံးတဲ့ ချင်ခွက်နဲ့ ၂ခွက် (250 grams)
၂။ မုန့်ဖုတ်တဲ့ ဆော်ဒါ – အချိုဇွန်းနဲ့ ဇွန်းတဝက်
၃။ တဆေး (Yeast) – အချိုဇွန်းနဲ့ ၁ဇွန်းခွဲ
၄။ သကြား အဖြူ – စားပွဲတင် ၂ဇွန်း
၅။ ဟင်းချက်ထောပတ်ဆီ (ဂီး – Ghee) သို့ ဟင်းရွက်ဆီ – စားပွဲတင် ၁ဇွန်း
၆။ ရေကျက်အေး – ချင်ခွက်နဲ့ ၁ခွက်
🍔မုန့်နယ်မည့် ဇလုံထဲကို ရေကျက်အေး (ခပ်နွေးနွေး) အနည်းငယ်ထည့်ပြီး သကြားကို ပျော်အောင် ဖျော်၍ ဆီဖြင့်ရောပါ ။ လက်ကျန် ရေကျက်အေးကို အခြားခွက်တလုံးတွင် တဆေးရောပြီး သမအောင် မွှေ၍ ၁၀မိနစ်ခန့်စောင့်ပါ ။ ၄င်းနောက် သကြားနှင့် ဆီရောထားသော ဇလုံအတွင်းသို့ All-purpose Flour နှင့် မုန့်ဖုတ်ဆော်ဒါထည့် ၊ တဆေးပျော်ရည်ထည့်၍ သမအောင် နာနာနယ်ပေးပါ ။
🍔 မုန့်သားနယ်ရာတွေ သမမျှတစေရင် မိမိနှစ်သက်သူကို ဇက်ကြောဆွဲပေးနေသည် သို့မဟုတ် ရန်သူတော်အား လည်ပင်းညှစ်နေသည်ဟု သဘောထားပါက အလွန် အလုပ်တွင်ပါသည် ။ မုန့်သား အစေး အပျစ်ပေါ်မူတည်၍ All-purpose Flour အနည်းငယ် သို့မဟုတ် ရေအနည်းငယ်ကို ချိန်ဆ၍ ထပ်ဖြည့်နိုင်ပါသည် ။ ၄င်းနောက် လက်သုတ်ပုဝါ သန့်သန့် သို့မဟုတ် အဝတ်သန့်သန့်ကို ရေနွေးဖြော ၊ ရေပြန်ညှစ်ပြီး မုန့်သားအပေါ်တွင် ခပ်ဖွဖွ အုပ်၍ စားပွဲပေါ် သို့မဟုတ် အဆင်ပြေသောနေရာတွင် ၁နာရီခွဲခန့် နှပ်ထားလိုက်ပါ ၊ မုန့်သားများ ၂ဆခန့် ပွတက်လာပါလိမ့်မည် ။
🍔တရုတ်လိုမန်ထိုလို့ခေါ်တဲ့မုန့်သားချည်းသက်သက်စားချင်တယ်ဆိုရင်တော့ နပ်သွားတဲ့ မုန့်သားကို ခပ်ရှည်ရှည် အမြောင်းလိုက်ကလေးဖြစ်အောင် လှိမ့်လိုက်ပြီး အရွယ်တော်တုံး ရေနွေးနဲ့ပေါင်းလိုက်ရုံတင်ပါ ။ ဒါမှမဟုတ် ကဏန်းဟင်းတို့ ပင်လယ်စာတို့နဲ့ တွဲဖက်စားဖို့ Fried Bun လုပ်မယ်ဆိုရင်တော့ နို့စိမ်း အချိုဇွန်း ၁ဇွန်းနဲ့ ထောပတ် အချိုဇွန်း ၁ဇွန်း ထပ်ဖြည့်ပြီး ရောနယ်လိုက်ပါ ။ ပြီးရင် မီးအနေတော် ဆီများများမှာ အရောင်ပြောင်းရုံလေး ခဏကြော်ပြီး ပြန်ဆယ် ၊ ရေနွေးနဲ့ ပြန်ပေါင်းလိုက်ရင် ကွက်တိပဲခင်ဗျ ။
🍔အစာသွတ်ပေါက်စီ စားမယ်ဆိုရင်တော့ နပ်သွားသော မုန့်သားအား ၈ပိုင်း အညီအမျှခွဲပြီး ဒလိမ့်တုံးဖြင့် (မရှိရင် ပုလင်းနဲ့သမ) သာသာယာယာ အဝိုင်းပုံရအောင် (၄လက်မခန့်) လှိမ့်၍ အထက်မှာ ဖော်ပြပြခဲ့တဲ့အတိုင်း အဆာပလာများထည့်ပြီး ပေါက်စီနဲ့တူအောင်လုံးပါ ။ ၃လက်မပါတ်လည် စက္ကူဖြူ အရွက်ကလေးများအား “ဆြာကျောက်စ် ပေါက်စီ” ဟုရေး၍ မုန့်သားအောက်ခြေတွင်ကပ်ပါ ။ ၄င်းနောက် ဇကာပေါ်တွင် အနည်းငယ် ချဲ၍ နေရာချပါ ။ ပန်းပင်လေးများ ရေဖြန်းရာတွင်သုံးသော စပရေးဘူးဖြင့် ပေါက်စီ အလုံးများကို မျက်နှာပြင် ချောမွေ့ရန် ရေကျက်အေး ခပ်ဖွဖွ ဖြန်းပေးပြီး ပွက်ပွက်ဆူနေသော ရေနွေးအိုးပေါ်တင်၍ ၁၀မိနစ်ခန့်ပေါင်းလျှင် ရသာထူး “ဆြာကျောက်စ် ပေါက်စီ” ရပါပြီ ။
🍔သတိပြုရန်မှာ … ပေါက်စီ ဇကာဗန်းတင်၍ မပေါင်းမီ ရေနွေးပွက်ပွက်ဆူအတွင်းသို့ သန့်စင်ထားသော မီးသွေးခဲ ၁ခဲ နှင့် ရှာလကာရည် ၂ဇွန်းထည့်ရန်ဖြစ်ပါသည် ။ သို့မှသာ ဖြူဖြူဖွေးဖွေး စားချင်စဖွယ် ပေါက်စီကို ရပါလိမ့်မည် ခင်ဗျာ…။
#crd
