16 ပတ် - ဘာသာပြန်ပါ။

Meta ကုမ္ပဏီရဲ့Facebook အပါအဝင် လူမှုကွန်ရက်ပလက်ဖောင်းတွေမှာ ဘက်လိုက်တဲ့ အချက်အလက်စစ်ဆေးသူတွေအစား Community Notes လို့ခေါ်တဲ့ ရပ်ရွာလူထုမောင်းနှင်တဲ့စနစ်နှင့်အစားထိုးမည်ဟု ဇတ်ကာဘာ့ဂျ် ပြောကြား

ဇန်နဝါရီ ၉

ကမ္ဘာပေါ်မှာ ကြည့်ရှုသူဦးရေ သန်း ၃၀၀၀ ကျော်နဲ့ လူကြိုက်အများဆုံး လူမှုကွန်ရက်အဖြစ် ရပ်တည်နေတဲ့ Facebook ကို စတင်တည်ထောင်သူ မာ့က် ဇတ်ကာဘာ့ဂျ်(Mark Zuckerberg) က Facebook လို Meta ကုမ္ပဏီရဲ့ လူမှုကွန်ရက်ပလက်ဖောင်းတွေမှာ အဓိကကျတဲ့ပြောင်းလဲချက်တချို့ကို ပြုလုပ်သွားတော့မယ်လို့ ဇန်နဝါရီလ ၇ ရက်မှာ ပြောကြားသွားခဲ့ပါတယ်။

Meta အမှုဆောင်အရာရှိချုပ် ဇတ်ကာဘာ့ဂျ်ရဲ့ Georgetown University မှာပြောခဲ့တဲ့ အဲဒီမိန့်ခွန်းမှာ အထူးခြားဆုံးနဲ့ လူစိတ်အဝင်စားဆုံးဖြစ်ခဲ့တဲ့ အကြောင်း အရာကတော့ Meta လူမှုကွန်ရက်ကုမ္ပဏီအနေနဲ့ Facebook မှာ ဖော်ပြလာမယ့် ပို့စ်အကြောင်းအရာ၊ ဓာတ်ပုံနဲ့ ဗီဒီယိုတို့ကို အချက်အလက် စစ်ဆေးခြင်းအစီအစဉ်နဲ့ စစ်ဆေးနေမှုကို အဆုံးသတ်ပြီး အီလွန်မတ်စ် ရဲ့ X လူမှုကွန်ရက်မှာလို Community Notes လို့ခေါ်တဲ့ ရပ်ရွာလူထုက လူမှုကွန်ရက်သို့တင်လာတဲ့ ပို့စ်အကြောင်းအရာ၊ ဓာတ်ပုံနဲ့ ဗီဒီယိုတို့အောက်မှာ အချက်အလက်စစ်ဆေးသလို ထည့်သွင်းရေးသားနိုင်တဲ့ ရပ်ရွာမှမောင်းနှင်တဲ့ အကြောင်းအရာစိစစ်ရေးပရိုဂရမ်ကို အသုံးပြုမယ်လို့ ပြောခဲ့တာပါပဲ။

ဒီမှာ ဇတ်ကာဘာ့ဂျ်က ဒီအပြောင်းအလဲက ပြီးခဲ့တဲ့ အမေရိကန်သမ္မတရွေးကောက်ပွဲရလဒ်ကို အရင်းခံဆုံးဖြတ်ချက်အဖြစ်ကိုးကားဆောင်ရွက်ခဲ့တာလို့လည်း ဆိုပါတယ်။Meta လူမှုကွန်ရက်ကုမ္ပဏီအနေနဲ့ Community Notes ခေါ် ရပ်ရွာလူထုမောင်းနှင်တဲ့စနစ်လို့လည်းဆိုကြတဲ့ စနစ်သစ်နဲ့ အစားထိုးမှုကို အမေရိကန်ပြည်ထောင်စုက စတင်ပြုလုပ်သွားမယ်လို့လည်း ပြောခဲ့ပါတယ်။

Meta ကုမ္ပဏီရဲ့ ဒီအပြောင်းအလဲက သုံးစွဲသူ ဘီလျံနဲ့ချီတဲ့ လူမှုကွန်ရက်ပလက်ဖောင်းတွေဖြစ်တဲ့ Facebook နဲ့ Instagram တို့ကို သက်ရောက်မှုရှိမှာပါ။ ဒီပလက်ဖောင်းတွေမှာ လက်ရှိကျင့်သုံးနေတဲ့ အချက်အလက်စစ်ဆေးသူတွေနဲ့ အကဲဖြတ်စစ်ဆေးတဲ့စနစ်က အမှားအယွင်းတွေရှိလွန်းတယ်လို့ ယူဆရတယ်ဆိုတာလည်း ဇတ်ကာဘာ့ဂျ်က အပြောင်းအလဲဖြစ်ရခြင်းရဲ့ အကြောင်းတစ်ရပ်အနေနဲ့ ပြောခဲ့ပါတယ်။

Meta က သူ့ရဲ့လူမှုကွန်ရက်တွေမှာ Community Notes ပုံစံနဲ့ဆောင်ရွက်မှုကို လာမယ့်နှစ်လအတွင်း ထုတ်ပေးကာ ဆောင်ရွက်သွားမှာဖြစ်ပြီး နောက်နှစ်တွေမှာလည်းဆက်လက်အစားထိုး ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

ဒီလို Community Notes နဲ့ အစားထိုးဆောင်ရွက်တဲ့အခါ ဘက်လိုက်မှုတွေကို တားဆီးဖို့အတွက် လူတွေရဲ့သဘောတူညီချက်တွေ၊ သုံးသပ်ချက်တွေကလည်း လူမှုကွန်ရက် X မှာလိုပဲ လိုအပ်မှာဖြစ်တယ်လို့ ဇတ်ကာဘာ့ဂျ် က ဆိုခဲ့ပါတယ်။

Meta အနေနဲ့ ဒီလိုအစားထိုးပြောင်းလဲမှုတွေကနေ သုံးစွဲသူတွေအတွက် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ရရှိအောင် ပြန်လည်ဆောင်ရွက်ဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။

Ref- Facebook

#centralnewsnaypyitaw

image