လီဗာပူးလ်ကို အီလွန်မတ်စ်ထံ ရောင်းချဖို့ FSG ဆန္ဒမရှိ

ဇန်နဝါရီ ၉

ကမ္ဘာကျော်ဘီလျံနာ အီလွန်မတ်စ်ဟာ လီဗာပူးလ်အသင်းကို ဝယ်ယူဖို့ စိတ်ဝင်စားနိုင်တယ်လို့ သူရဲ့ဖခင်က ပြောခဲ့ပေမယ့် လီဗာပူးလ်အသင်းကို ပိုင်ဆိုင်ထားတဲ့ FSG က အသင်းကို ရောင်းချဖို့ ဆန္ဒမရှိဘူးလို့ သိရပါတယ်။

အီလွန်မတ်စ်ရဲ့ ဖခင်ဖြစ်သူ အာရိုးမတ်စ်က သူ့ရဲ့သားဟာ Fenway Sports Group (FSG)ကနေ လီဗာပူးလ် အသင်းကို ဝယ်ယူနိုင်တယ်လို့ ပြောခဲ့ပေမယ့် The Times က Tesla နဲ့ X ပိုင်ရှင်ဟာ အမေရိကန်ပိုင်ရှင်တွေကို ဆက်သွယ်ခဲ့ခြင်း မရှိဘူးလို့ ဖော်ပြထားတာပါ။

ဒါအပြင် ရေဒီယို အင်တာဗျူးတစ်ခုရဲ့ ရလဒ်ကြောင့် ဆွေးနွေးမှုပြုလုပ်ဖို့ ဆန္ဒမရှိဘူးလို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။

Times Radio နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ သားဖြစ်သူ လီဗာပူးလ်အသင်းကို ဝယ်ယူချင်လားလို့ မေးမြန်းခဲ့ချိန် အာရိုးလ်မတ်စ်က “ကျနော်ဒါကို မှတ်ချက် မပေးချင်ပါဘူး။ သူတို့ကအသင်းကို ဈေးတင်သွားနိုင်ပါတယ်။ သူဟာ လီဗာပူးလ်အသင်းကို ဝယ်ယူချင်တဲ့ ဆန္ဒတော့ရှိပါတယ်။ ဒါက သူအသင်းကို ဝယ်မယ်ဆိုပြီး ဆိုလိုတာတော့ မဟုတ်ပါဘူး။ သူဟာ လီဗာပူးလ်အသင်းကို ပိုင်ဆိုင်ချင်နိုင်သလို ဘယ်သူမဆိုလည်း ပိုင်ဆိုင်ချင်မှာပါ”လို့ ပြောခဲ့ တာပါ။

အီလွန်မတ်စ်ဟာ ကမ္ဘာပေါ်မှာ အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ပြီး ခန့်မှန်းခြေ သူ့ရဲ့ချမ်းသာကြွယ်ဝမှုဟာ ပေါင် ၃၄၀ ဘီလီယံဖြစ်တယ်လို့ သိရပါတယ်။

FSG ဟာ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလက အမေရိကန်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ Dynasty Equity ထံ သူတို့ရဲ့ အစုရှယ်ယာ အနည်းစုကို ရောင်းချခဲ့တာပါ။

ဒါပေမယ့် FSG ဟာ လီဗာပူးလ်အသင်းကို ဝယ်ယူဖို့ အီလွန်မတ်စ်က ငွေကြေး အများအပြားနဲ့ ကမ်းလှမ်းလာခဲ့ရင် စဉ်းစားဖွယ်မရှိဘူးလို့ သတင်းမှာ ဖော်ပြထားပါတယ်။

လီဗာပူးလ်အသင်းဟာ ဒီရာသီ နည်းပြအာနီဆလော့ လက်အောက်မှာ ရလဒ်ကောင်းတွေကို ပိုင်ဆိုင်ထားပြီး ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ် အမှတ်ပေးဇယားတွေကို ဦးဆောင်ထားသလို ကာရာဘောင်းဖလားပြိုင်ပွဲမှာ ဆိမီးဖိုင်နယ်အဆင့်ကို ရောက်ရှိနေတာဖြစ်ပါတယ်။

Source: Goal

ပုံ - လီဗာပူးလ်အသင်းကို တွေ့ရစဉ်

#centralnewsnaypyitaw

image