မိုးယွန်းကြီးအင်းသို့ ဆောင်းခိုငှက်ဝင်ရောက်မှု လျော့နည်း
-------------------------
ကမ္ဘာ့ဆောင်းခိုငှက် မျိုးစိတ်တွေကျက်စားရာ ရမ်ဆာ ရေဝပ်ဒေသတစ်ခုဖြစ်တဲ့ မိုးယွန်းကြီးအင်းဘေးမဲ့တောကို ဆောင်းခိုငှက်၊ ရေပျော်ငှက်နဲ့ ငှက်မျိုးစိတ် (၁၁၅)မျိုး လာရောက်ဆောင်းခိုနေပြီး ပြီးခဲ့တဲ့နှစ်နဲ့နှိုင်းယှဉ်ရင်တော့ လျော့နည်းတယ်လို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနကနေ သိရပါတယ်။
မိုးယွန်းကြီးအင်းဘေးမဲ့တောမှာ အခုနှစ်ဆောင်းရာသီမှာ အင်းရေတွေပြည့်နေပြီး အတိမ့ဆုံးနေရာမှာ ရေအနက် ၅ ပေကျော်နဲ့ အနက်ဆုံးနေရာမှာ ၁၀ ပေကျော် ရှိနေတာပါတယ်။ အခုနှစ်ဆောင်းခိုငှက် ဝင်ရောက်မှုဟာ ပြီးခဲ့တဲ့ နှစ်နဲ့ နှိုင်းယှဉ်ရင် ဆောင်းခိုငှက်မျိုးစိတ်(၄)မျိုး၊ ငှက်အကောင်ရေ(၆၄၀)ကျော် လျော့နည်းခဲ့တယ်လို့ ဆိုပါတယ်။
အခုနှစ်ဆောင်းရာသီမှာ ငှက်မျိုးစိတ်(၁၁၅)မျိုး၊ ငှက်အကောင်ရေ(၂၀၀၀၀)ကျော် ဝင်ရောက်ကျက်စားနေပြီး နို့တိုက်သတ္တဝါ (၁၂၀)၊ ကုန်နေရေနေသတ္တဝါနဲ့ တွားသွားသတ္တဝါ (၂၈)မျိုး၊ အင်းစက် (၃၃)မျိုး၊ ငါးမျိုး စိတ်(၄၄)မျိုးနဲ့ ရေနေပင်(၇၄)မျိုး တည်ရှိနေတယ်လို့ သိရပါတယ်။ ဆောင်းခိုငှက်တွေဟာ မိုးယွန်းကြီးအင်း ဘေးမဲ့တောကို အောက်တိုဘာလ နောက်ဆုံးအပတ်မှာ စတင်ဝင်ရောက် လေ့ရှိပြီး ဧပြီလနောက်ဆုံးပတ်မှာ ပြန်လည်ထွက်ခွာလေ့ရှိတယ်လို့ ဆိုပါတယ်။


