ပန်းဘဲတန်းမှာ ရွှေဆိုင်ဓားပြတိုက်ခံရလို့ ငွေသိန်း ၅၀၀နဲ့အတူ ရွှေပိဿာချီပြီးပါသွား

ဇန်နဝါရီ ၈

ရန်ကုန် ၊ ပန်းဘဲတန်းမြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ လမ်း(၃၀)အလယ်ဘလောက်၊ အမှတ်(၁၁၀)ပထမထပ်မှာဖွင့်ထားတဲ့ " ရွှေချစ်သူ" ရွှေဆိုင်မှာ ဒီနေ့ဇန်နဝါရီ ၈ ရက် မနက်ပိုင်းက ဆိုင်အတွင်းဝင်ရောက်ဓားပြတိုက် လုယက်ခံခဲ့ရမှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

လုယက်ခံရမှုဖြစ်စဥ်ကြောင့် ငွေသားသိန်း၅၀၀ အပါအဝင် ရွှေထည်ပစ္စည်း ပိဿာနဲ့ချီပြီး လုယက်ခံလိုက်ရကြောင်း ကနဦးသတင်းအရသိရပြီး လုယက်ခံရတဲ့ပစ္စည်းအရေအတွက်နဲ့တန်ဖိုးအတိအကျကိုစစ်ဆး တွက်ချက်နေဆဲဖြစ်တယ်လို့သိရပါတယ်။

" ဆိုင်ကပထမထပ်မှာ ဖွင်ထားတာဆိုတော့အပေါ်မှာဖြစ်နေတာ အောက်ထပ်ကမသိရဘူး။ အောက်ထပ်ဖြစ်နေရင်တော့ဆိုင်တွင်းဆိုတော့ချက်ခြင်းသိဖို့ခက်တယ်။အခုလည်းသူတို့ဓားပြတိုက်ခံရပြီးတော့ပြောကြဆိုကြတော့မှသိကြတာ။ပြောတာတော့ ခုနပြောသလိုသိန်း၅၀၀ လည်းပါသွားတယ်။ ရွှေတွေလည်းပါသွားပေမယ့် တန်ဖိုးအတိကျတော့ သူတို့လည်းသေချာတွက်ပြီးမှသိမှာလေ ။ လုတာကတော့ သုံးယောက်ဝင်လုသွားတာပြောတယ်။" လို့ ရွှေဆိုင်အနီးနေထိုင်တဲ့ဒေသခံကပြောပါတယ်။

ဖြစ်စဥ်ကတော့ မနက် ၉ နာရီကျော်လောက် ရွှေဆိုင်ဖွင့်ချိန်မှာ အမျိုးသားသုံးယောက် ဆိုင်အတွင်းရောက်လာပြီး သေနတ်ပြခြိမ်းခြောက်ကာရွှေထည်နဲ့ငွေသားကို လုယက်ယူဆောင်သွားတာဖြစ်တယ်လို့သိရပါတယ်။

ရွှေဆိုင်လုယက်မှုဖြစ်ပွားပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင် တွေရောက်ရှိလာပြီး စစ်ဆေးမေးမြန်းမှုတွေလုပ်ကာ လုယက်သူတွေကိုဖမ်းဆီးရမိရေး လုပ်ဆောင်နေပေမယ့် ခုထိတော့မမိသေးဘူးလို့သိရပါတယ်။

အောက်တိုဘာလတုန်းကလည်းရန်ကုန်တိုင်း၊ လှိုင်မြို့နယ်မှာ ရွှေဆိုင်သိမ်းပြီးပြန်လာတဲ့ ကား လုယက်ခံရပြီး ကားပေါ်ပါလာတဲ့ရွှေပိဿာချိန် ငါး ပိဿာ ပါသွားတယ်လို့ သိရပါတယ် ။

မေလတုန်းကလည်း တာမွေမြို့ နယ်က TK ရွှေဆိုင် ဓားပြတိုက် လုယက်ခံရပြီး ရွှေထည်ပစ္စည်း ၁၉ ကျပ်သားနဲ့ငွေသိန်း ၆၅၀ ကျော်ပါသွားတဲ့ဖြစ်စဥ်ရှိခဲ့ပါတယ်။

ဒီဇင်ဘာ ၁၈ ရက်ကလည်း မန္တလေးတိုင်း မဟာအောင်မြေမြို့နယ်ထဲက ရွှေစင်အကယ်ဒမီရွှေဆိုင် ဓားပြတိုက်လုယက်ခံရပြီး ရွှေ ၃ ပိဿာကျော် လုယက်ယူဆောင်ခံခဲ့ရတယ်လို့သိရပါတယ်။

စက်တင်ဘာလ ၁၀ ရက်နေ့ ကလည်း ချမ်းမြသာစည်မြို့နယ်ရှိ "ချောင်ချောင် "ရွှေဆိုင်ပိုင်ရှင်နေအိမ် ဓားပြတိုက်ခံရပြီးကျပ်သိန်းပေါင်းသောင်းချီတန်ဖိုးရှိတဲ့ ရွှေထည်ပစ္စည်း တွေပါသွားတယ်လို့ သိရပါတယ်။

Photo - CJ

Credit - VOM News Agency

#သတင်းဟင်းလေးအိုးကြီး

image