ပြည်မြို့နယ်မှာ တရက်တည်း ရာအိမ်မှူးအပါအဝင် သုံးယောက် ပစ်သတ်ခံရ
ဇန်နဝါရီ ၈
ပဲခူးတိုင်း (အနောက်ပိုင်း)၊ ပြည်မြို့နယ်၊ ပေါင်း တလည်မြို့ မှာ ဒီနေ့ ဇန်နဝါရီ ၇ ရက်နေ့တရက်တည်းမှာ ရပ်ကျေးအုပ်ချုပ်ရေးမှူးအပါအဝင် လူသုံးယောက်သေနတ်နဲ့ပစ်သတ်ခံခဲ့ရတယ်လို့ဒေသခံတွေဆီက သိရပါတယ်။
အသတ်ခံရသူတွေက မြို့လှရွာမှ ရာအိမ်မှူး ဦးအောင်နိုင်ဦးဆိုသူ နဲ့ရေကြည် ကုန်းရွာမှ အမျိုးသားတယောက်နဲ့အမျိုးသမီးတယောက်တို့ဖြစ်တယ်လို့ သိရပါတယ်။
မြို့လှရွာဒေသခံက " မနက် ၁၁ နာရီလောက်ကိုဆိုင်ကယ်သုံးစီးနဲ့ဝင်လာပြီး အိမ်ထဲထိဝင်ပစ်သွားတာ။သူတို့အိမ်ကစျေးရောင်းတယ်။ဆိုင်ကယ်နဲ့ဝင်လာတော့လည်းဘယ်သူဘယ်ဝါမသိကြဘူးလေ။ပစ်သွားတာသိတော့လည်းချက်ချင်းမသွားရဲဘူးလေ။ပြီးမှသာသိတာ။ဆေးရုံခေါ်သွားတာသေပြီသိရတယ်။သူက အဲဒီအလုပ်ကိုမလုပ်ချင်တော့ဘူး။ထွက်တာမရလို့လုပ်ရတာဆိုပြောပြီးပြောနေတာ။ဘာပြောပြော ကိုယ့်ရွာသားဆိုတော့စိတ်မကောင်းဘူး" လို့ ပြောပါတယ်။
ရေကြည်ကုန်းက အသတ်ခံရတဲ့နှစ်ယောက်က ဦးဇော် မင်းဦး(ခ)ချက်ဖေါင်း နဲ့ မဇာဖြူနှင်းဆိုသူတို့ဖြစ်ကြောင်း၊ စစ်တပ်ကိုသတင်းပေးဆိုပြီး သူတို့ကိုလည်းနေအိမ်မှာပဲ လာရောက်ပစ်သတ်သွားတာဖြစ်တယ်လို့သိရပါတယ်။
" သူတို့နှစ်ယောက် က လင်မယားတွေ။သူတို့ကိုသတင်းပေးဒလန်ဆိုပြီး သတ်သွားတာ။နေရာမှာပွဲချင်းပြီးပဲ။ချက်ဖောင်းမှာက ဂုတ်နဲ့တံတောင်မှာသေနတ်မှန်တယ်။သူ့မိန်းမက နာထင်ပွင့်သွားတယ်။" လို့ ဒေသခံကပြောပါတယ်။
အဆိုပါ ပစ်ခတ်မှုတွေဖြစ်ပွားပြီးနောက် နယ်မြေခံရဲတပ်ဖွဲ့နဲ့စစ်တပ်က ရောက်လာပြီး စစ်ဆေးမေးမြန်းမှုတွေလုပ်ကာ လမ်းပိတ်ဆို့ရှာဖွေစစ်ဆေးမှုတွေလုပ်ခဲ့ပါတယ်။
ဇန်နဝါရီ ၆ ရက်နေ့ ကလည်း အုတ်ဖိုမြို့နယ်က ဇော်ကြီး (ခ) ဇော်ဌေး နဲ့မ ညိုညိုဝင်း တို့လင်မယားလည်း စစ်တပ်သတင်းပေးအဖြစ်သေနတ်နဲ့ ပစ်ခတ်ခံရပြီး ဇနီးဖြစ်သူသေဆုံး ခဲ့ပါတယ်။
ဇန်နဝါရီ ၃ ရက်နေ့ကလည်း မင်းလှမြို့နယ်၊ ဂန့်ဂေါ်ပင်ရွာမှာ စစ်တပ် သတင်းပေး ဦးရွှေ ဆိုသူ သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့သိရပါတယ်။
ဇန်နဝါရီ ၂ ရက်နေ့ကလည်း နတ်တလင်းမြို့နယ်၊ မယင်းကျေးရွာက ကို စောထူးနဲ့ မခိုင်တို့လင်မယားလည်း သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့သိရပါတယ်။
Photo -CJ
#သတင်းဟင်းလေးအိုးကြီး
