ရာထူးက နုတ်ထွက်မည်ဟု ကနေဒါဝန်ကြီးချုပ် ကြေညာ
-------------------
ကနေဒါဝန်ကြီးချုပ် ဂျပ်စတင် ထရူးဒူးက ဝန်ကြီးချုပ်ရာထူးကနေရော၊ အာဏာရ လစ်ဘရယ်ပါတီရဲ့ ခေါင်းဆောင်နေရာကပါ နုတ်ထွက်သွားတော့မယ်လို့ တနင်္လာနေ့က ကြေညာလိုက်ပါတယ်။ ပါတီက ခေါင်းဆောင်မှုကို ဆက်ခံမဲ့သူ ရွေးချယ်ပြီးချိန်မှာ ဝန်ကြီးချုပ်နေရာကရော ပါတီခေါင်းဆောင်နေရာကပါ နုတ်ထွက်သွားမှာဖြစ်တယ်လို့ အသက်(၅၃)နှစ်အရွယ် ဝန်ကြီးချုပ် ဂျပ်စတင် ထရူးဒူးက အော်တာဝါမြို့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။
ကနေဒါ ပါလီမန်ကိုလည်း လစ်ဘရယ်ပါတီ ခေါင်းဆောင်သစ် ရွေးချယ်လို့ပြီးမဲ့ မတ်(၂၄)ရက်အထိ ရပ်ဆိုင်း ထားမှာဖြစ်တယ်လို့ ပြောပါတယ်။ ရာထူးကထွက်ဖို့ ကြေညာစဉ်မှာ ထရူးဒူးက သူ့အနေနဲ့ ကနေဒါရဲ့ ရွေးကောက် ပွဲလုပ်ထုံးလုပ်နည်းကို ပြုပြင်ပြောင်းလဲဖို့ ပျက်ကွက်ခဲ့တဲ့ အပေါ်မှာ နောင်တရကြောင်း ပြောသွားခဲ့ပါတယ်။
ဂျစတင် ထရူးဒူးဟာ လစ်ဘရယ်ပါတီ ခေါင်းဆောင်အဖြစ် (၁၁)နှစ်ကြာ၊ ဝန်ကြီးချုပ်အဖြစ် (၉)နှစ်ကြာ တာဝန် ယူခဲ့သူဖြစ်ပြီး အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ကနေဒါအပေါ် အခွန်တိုးမြှင့်စည်းကြပ်ရေး ခြိမ်းခြောက်မှုကနေ နိုင်ငံရေးမဟာမိတ်တွေ ရာထူးက နုတ်ထွက်မှုတွေကြောင့် လူကြိုက်များမှုကျဆင်းတာနဲ့ ရင်ဆိုင်နေရချိန်မှာ ရာထူးကနေ နုတ်ထွက်ရဖို့ ဖြစ်လာခဲ့တာပါ။ အခုနှစ်ထဲမှာ ကျင်းပဖို့ရှိနေတဲ့ အထွေထွေ ရွေးကောက်ပွဲမှာလည်း ထရူးဒူးဟာ မဲရှုံးနိမ့်မယ်လို့ ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်သုံးသပ်မှုတွေ ရှိနေပါတယ်။
