အမေရိကန်မှာ နှင်းမုန်တိုင်း ပိုမိုဆိုးရွားလာပြီး ပြည်နယ် (၇) ခုမှာ အရေးပေါ် အခြေအနေကြေညာ
ဝါရှင်တန်၊ ဇန်နဝါရီ ၇
အမေရိကန်နိုင်ငံ ဒေသအတော်များများမှာ နှင်းမုန်တိုင်းတိုက်ခတ်မှု ပိုမိုဆိုးရွားလာပြီး လက်ရှိချိန်ထိ လူခြောက်ယောက်ထက်မနည်း သေဆုံးသွားကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
နှင်းမုန်တိုင်းကြောင့် စာသင်ကျောင်းတွေ၊ စီးပွားရေးလုပ်ငန်းတွေ ပိတ်ထားခဲ့ရပြီး ခရီးသွားလာမှုတွေ အနှောက်အယှက်ဖြစ်ပေါ်ကာ လျှပ်စစ်ဓါအားပြတ်တောက်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ မေရီလန်း၊ ဗာဂျီးနီးယား၊ အနောက်ဗာဂျီးနီးယား၊ ကန်ဆတ်စ်၊ မစ်ဆူရီ၊ ကန်တပ်ကီနဲ့ အာကန်ဆတ်တို့မှာ အရေးပေါ်အခြေအနေ ကြေညာထားရပါတယ်။
မြောက်ဝန်ရိုးစွန်းကို လှည့်ပတ်နေတဲ့ အေးခဲဝင်ရိုးစွန်း လေစီးကြောင်းတွေကြောင့် ဖြစ်ပွားတဲ့ ပြင်းထန်တဲ့ရာသီဥတုအခြေအနေမှာ လေယာဉ်ခရီးစဉ်ပေါင်း နှစ်ထောင်ကျော်ကို ဖျက်သိမ်းပြီး နှောင့်နှေးမှု ၆၅၀၀ ရှိခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
အရှေ့ဘက်ကမ်းရိုးတန်းမှာ ဆီးနှင်းထူထပ်စွာ ကျရောက်နိုင်ကြောင်း အာဏာပိုင်များက သတိပေးထားပါတယ်။ အပူချိန်ကျဆင်းမှုဟာ ရက်သတ္တပတ်များစွာ နိုင်ငံတွင်းမှာ ဆက်ရှိနေမယ်လို့ ဆိုပါတယ်။ ဝါရှင်တန်ဒီစီမှာတော့ ဆီးနှင်း ၅ လက်မကနေ ၉ လက်မထိကျဆင်းခဲ့ပြီး အနီးနားရှိ မေရီလန်းနဲ့ ဗာဂျီးနီးယားတို့မှာ တပေခန့်ကျဆင်းခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
နှင်းမုန်တိုင်းကြောင့် ယာဉ်မတော်တဆမှုတွေလည်း များစွာဖြစ်ပွားခဲ့ပြီး မစ်ဆူရီမှာ လူတယောက်သေကာ ဒါဇင်များစွာ ဒဏ်ရာရခဲ့ကာ ကန်ဆတ်မှာတော့ လူနှစ်ယောက်သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
Ref:BBC
Photo:Getty Images
Credit - VOM News Agency
#သတင်းဟင်းလေးအိုးကြီး


