သတင်းပေးတွေကို သတင်းပေးဆုကြေးငွေအဖြစ် ငွေကျပ် သန်းပေါင်း ၂၀၀ ကျော် ချီးမြှင့်ပေးတော့မယ်
ဇန်နဝါရီ ၇
တရားမဝင်ကုန်စည်များနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိအောင် သတင်းပေးခဲ့သည့် တာဝန်သိပြည်သူများအား ဖမ်းဆီးရမိခဲ့သည့် တန်ဖိုးငွေကျပ်၏ ၂၀ ရာခိုင်နှုန်းဖြစ်သော ငွေကျပ် ၂၀၄ ဒသမ ၀၇၈ သန်းကို သတင်းပေးဆုကြေးငွေအဖြစ် ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။
အဆိုပါ တာဝန်သိပြည်သူများ၏ သတင်းပေးတိုင်ကြားမှုများကြောင့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်း သတင်းရရှိမှု ၅၄ ကြိမ်ရရှိခဲ့ပြီး၊ သတင်းမှား ၁၇ ကြိမ်၊ နောက်ကျသတင်းတစ်ကြိမ်နှင့် ဖမ်းဆီးရမိမှု ၃၆ ကြိမ်ဖြစ်သည်ဟုဆိုသည်။
ထိုသို့ သတင်းရရှိမှုကြောင့် ဖမ်းဆီးရမိအမှုတွဲပေါင်း ၆၅ မှုဖွင့်လှစ်ထားပြီး ယင်းမှ ခန့်မှန်းငွေကျပ် ၁၀၂၀ ဒသမ ၃၉၁ သန်းတန်ဖိုးရှိ သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်းများဖြစ်သော ကုန်ပစ္စည်း ၄၅ မျိုးအပါအဝင် တရားမဝင်ကုန်စည်များ တင်ဆောင်လာသည့် မော်တော်ယာဉ်များ၊ စက်လှေ၊ လိုင်စင်မဲ့မော်တော်ယာဉ်နှင့် လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များကို ဖမ်းဆီးရမိခဲ့သည်။
သို့ဖြစ်သဖြင့် အဆိုပါ ဖမ်းဆီးရမိမှုတန်ဖိုးငွေ ကျပ် ၁၀၂၀ ဒသမ ၃၉၁ သန်း၏ ၂၀ ရာခိုင်နှုန်းဖြစ်သော ငွေကျပ် ၂၀၄ ဒသမ ၀၇၈ သန်းကို သတင်းပေးဆုကြေးငွေအဖြစ် ချီးမြှင့်ပေးသွားမည်ဖြစ်ပြီး သက်ဆိုင်ရာဌာနများမှ မြန်မြန်ဆန်ဆန်ဆုချီးမြှင့်နိုင်ရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆုကြေးများရယူနိုင်ရန် တာဝန်သိပြည်သူများအနေဖြင့် တရားမဝင်ကုန်သွယ်မှုသတင်းများနှင့် ပတ်သက်၍ လက်ကိုင်ဖုန်း- ၀၉၄၀၄၃၃၉၉၆၉၊ အော်တိုတယ်လီဖုန်းနံပါတ် ၀၆၇-၄၀၉၈၈၃ နှင့် အီးမေးလ် antiillegaltradeinfo@gmail.com သို့ သတင်းပေးပို့တိုင်ကြားနိုင်ကြောင်းလည်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။
#သတင်းဟင်းလေးအိုးကြီး
