ဟိုက်ပါဆိုးနစ် ပဲ့ထိန်းဒုံးကျည်သစ် စမ်းသပ်အောင်မြင်ပြီလို့ မြောက်ကိုရီးယား ထုတ်ပြန်လာ

ဇန်နဝါရီ ၇

အသံထက်မြန်တဲ့ ဟိုက်ပါဆိုးနစ် တာလတ်ပစ်ပဲ့ထိန်း(IRBM) ဒုံးကျည်သစ်ကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့တယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းဌာနက ထုတ်ပြန်ကြေညာလိုက်ပါတယ်။

မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၅ ရက် ဒုံးကျည်ပစ်လွှတ်မှုနောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်ရဲ့ တောင်ကိုရီးယားခရီးစဉ်နဲ့လည်း တိုက်ဆိုင်နေပါတယ်။

ဒုံးကျည်ကို မြို့တော်ပြုံးယမ်းပြင်ပကနေ ပစ်လွှတ်ခဲ့ပြီး အသံထက် ၁၂ အမြန်နှုန်းနဲ့ အမြင့် ၁၀၀ ကီလိုမီတာကနေ ပျံသန်းခဲ့တယ်လို့ နိုင်ငံပိုင် ကေစီအင်န်အေ သတင်းဌာနက ဖော်ပြထားပါတယ်။ ဒုံးပျံဟာ ကီလိုမီတာ ၁၅၀၀ အကွာအဝေးထိ ခရီးရောက် ပစ်ခတ်နိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်။

တောင်ကိုရီးယားစစ်တပ်ကတော့ ဒုံးကျည်ဟာ ပင်လယ်ထဲမကျရောက်မီ ကီလိုမီတာ ၁၁၀၀ ပျံသန်းခဲ့တယ်လို့ ဆိုထားပြီး ဒီပစ်လွှတ်မှုဟာ ရန်စတဲ့လုပ်ရပ်ဖြစ်ကာ ပြင်းပြင်းထန်ထန် ရှုတ်ချတယ်လို့ ထုတ်ပြန်ထားပါတယ်။ မြောက်ကိုရီးယားဟာ ယခင်ကလည်း အသံထက်မြန်တဲ့ ဒုံးကျည်တွေကို စမ်းသပ်ခဲ့ဖူးပါတယ်။

ထုတ်ပြန်ထားတဲ့ ဓါတ်ပုံတွေအရ လက်ရှိစမ်းသပ်တဲ့ဒုံးကျည်ဟာ ပြီးခဲ့တဲ့နှစ် ဧပြီလကပစ်လွှတ်ခဲ့တဲ့ဒုံးကျည်နဲ့ ဆင်တူပေမယ့် ဒုံးကျည်သစ်မှာ ပျံသန်းမှုနဲ့ လမ်းညွှန်ထိန်းချုပ်မှုစနစ်သစ်၊ ကာဗွန်ဖိုင်ဘာနဲ့ ပြုလုပ်ထားတဲ့ အင်ဂျင်သစ် ပါဝင်တယ်လို့ မြောက်ကိုရီးယားက ထုတ်ပြန်ထားပါတယ်။

Ref:BBC
Photo:Reuters

#သတင်းဟင်းလေးအိုးကြီး

image