အခုတလော KBZPay အကောင့်တွေနဲ့ ပတ်သက်ပြီး စိုးရိမ်နေကြတာကို ဖြေရှင်းတဲ့နေရာမှာ အတော်လေး တိုးတက်မှုရှိတာကို မြင်ရတော့ အားရမိတယ်ဗျ။ ကမ္ဘောဇဘဏ်ရဲ့ စစ်ဆေးတွေ့ရှိချက်အရတော့ KBZPay သုံးစွဲသူ ၃၁ ယောက်ဟာ လုံခြုံရေးချိုးဖောက်ခံခဲ့ရတယ်လို့ တွေ့ရှိခဲ့ပေမယ့် ဒါက KBZPay ဒါမှမဟုတ် ကမ္ဘောဇဘဏ်ရဲ့ နည်းစနစ်အားနည်းချက်တစ်စုံတစ်ရာကြောင့်မဟုတ်ဘဲနဲ့ မိုဘိုင်းလ်ကွန်ရက်အော်ပရေတာတွေရဲ့ တစ်ဆင့်ခံ ဝန်ဆောင်မှုပေးသူတွေရဲ့ စနစ်ကို မသမာသူတွေက နည်းပညာနဲ့ ဖောက်ထွင်းဝင်ရောက်ခဲ့တာကြောင့်လို့ ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ကမ္ဘောဇဘဏ်ဘက်ကလည်း ငွေကြေးဆုံးရှုံးခဲ့ရတဲ့ သုံးစွဲသူတွေအတွက် ဆုံးရှုံးခဲ့ရတဲ့ငွေကြေးအတိုင်း အပြည့်အဝ အစားထိုးစိုက်ထုတ်ပေးသွားမယ်လို့ အာမခံထားပါတယ်။
KBZPay ရဲ့ ထုတ်ပြန်ချက်အရ ကျွန်တော်နားလည်သလောက်ပြောရရင်တော့ ဟက်ကာတွေက ငွေလွှဲဖို့အတွက် OTP ကုဒ်တွေကို ကြားကနေ ယူလို့ရသွားပြီး ဒီချိုးဖောက်မှုတွေကတစ်ဆင့် ဖုန်းဟန်းဆက်ပြောင်းလဲမှု (Device Change) လုပ်ဆောင်သွားတယ်လို့ နားလည်လိုက်ပါတယ်။
ဒါပေမယ့်လည်း KBZPay အကောင့်ထဲကို Login ဝင်ဖို့နဲ့ အကောင့်ကို ထိန်းချုပ်ဖို့အတွက်ကတော့ လျှို့ဝှက်နံပါတ်တွေကို သူတို့အရင်ဆုံး မှန်းပြီးထည့်ရဦးမှာပါ။
ကျွန်တော့်အမြင်အရဆိုရင် ဒီကိစ္စက ဒီဂျစ်တယ်ငွေကြေးဝန်ဆောင်မှုတွေရဲ့ အပြန်အလှန်ဆက်နွယ်နေတဲ့ သဘောသဘာဝကို သိသာထင်ရှားစေတယ်လို့ ထင်တယ်ဗျ။ KBZPay လို ပလက်ဖောင်းမျိုးတွေက သီးသန့်တစ်ခုတည်း လည်ပတ်နေတာမဟုတ်ပါဘူး။ သုံးစွဲသူတွေကို ယုံကြည်စိတ်ချရတဲ့ ဝန်ဆောင်မှုတွေပေးဖိုအတွက် ဆက်သွယ်ရေးအော်ပရေတာတွေအပါအဝင် အခြားကဏ္ဍတွေနဲ့ အဆင်ပြေချောမွေ့အောင် အမှီသဟဲပြုရင်း ပူးပေါင်းဆောင်ရွက်ရတာဖြစ်ပါတယ်။ လုံခြုံရေးချိုးဖောက်မှုတိုင်းက သုံးစွဲသူလူထုရဲ့ ယုံကြည်မှုကို ရိုက်ခတ်မှုရှိတယ်ဆိုပေမယ့် အတော်ကို ကျယ်ပြန့်တဲ့ ကွန်ရက်ဂေဟစနစ်တစ်ခုရှိနေတယ်ဆိုတာနဲ့ မိုဘိုင်းဆက်သွယ်ရေးဝန်ဆောင်မှုတွေကနေ ငွေပေးချေတဲ့ ဝန်ဆောင်မှုတွေအထိ အဘက်ဘက်က ဖြစ်နိုင်ချေရှိတဲ့ အန္တရာယ်အမျိုးမျိုးကို အကာအကွယ်ပေးဖို့ သေသေချာချာဆောင်ရွက်ထားကြတယ်ဆိုတာကိုလည်း ဒီအဖြစ်အပျက်ကနေ သိလိုက်ရပါတယ်။
တကယ်လို့များ ကိုယ့်ရဲ့ KBZPay အကောင့်တွေမှာ ငွေကြေးမသမာမှုနဲ့ပတ်သက်တဲ့ ပြဿနာတစ်စုံတစ်ခုရှိလာခဲ့ပြီဆိုရင် KBZPay ရဲ့ Call Centre ဖုန်းနံပါတ် (3211 : Ext 4) ခေါ်ဆိုလို့ရတယ်လို့ ကြေညာထားတယ်ဗျ။ ဒီကိစ္စနဲ့ ပတ်သက်လို့ ကျွန်တော်ဆက်လက်စောင့်ကြည့်သွားပြီးတော့ သတင်းထူးခြားတာတစ်ခုခုရှိရင် စာဖတ်ပရိတ်သတ်တို့ကို မျှဝေပေးသွားပါမယ်။
Credit to ငွေစကား
