ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ တရုတ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦး သုံးရက်ကြာ ပျောက်ဆုံးနေ
ဇန်နဝါရီ ၇
Fox Spirit Matchmaker: Red-Moon Pact, The Tale of Rose,Under the Skin ဇာတ်ကားတွေနဲ့ နာမည်ကြီးတဲ့ တရုတ်သရုပ်ဆောင်မင်းသား Xingxing (နာမည်ရင်း Wang Xing) ဟာ ဇန်နဝါရီ ၃ ရက်က မြန်မာ-ထိုင်းနယ်စပ်အနီးတွင် ပျောက်ဆုံးသွားခဲ့ပါတယ်။
Xingxing ရဲ့ချစ်သူ Jiajia က တရုတ် Weibo အကောင့်က ဖော်ပြရာမှာ Xingxing ဟာ သရုပ်ဆောင်တွေရဲ့ Group Chat ကနေတစ်ဆင့် သရုပ်ဆောင်ဇာတ်ရုပ်တစ်ခု လက်ခံရရှိခဲ့တာကြောင့် WeChat မှာ ထုတ်လုပ်သူတစ်ဦးနဲ့ ညှိနှိုင်းပြီး ရုပ်ရှင် ချိတ်ဆက် ရိုက်ကူးဖို့ ထိုင်းနိုင်ငံကို သွားရောက်ခဲ့တာပါ။
သောကြာနေ့မှာ Xingxing ဟာ ရှန်ဟိုင်းကနေ ဘန်ကောက်ကို သွားရောက်ခဲ့ပြီး လာကြိုပေးတဲ့ တွဲဘက်ဒါရိုက်တာဆိုသူ စီစဉ်ပေးတဲ့ ကားတစ်စီးနဲ့ အခြား သရုပ်ဆောင်တွေဟာ ဖွင့်ပွဲအခမ်းအနားသို့ သွားနေကြတယ်လို့ Jiajia က အခိုင်အမာပြောပေမဲ့ ယာဥ်ဟာ ဦးတည်ရာကနေ လမ်းကြောင်းပြောင်းသွားခဲသလို တည်နေရာခြေရာခံမှုကလည်း ထိုင်း - မြန်မာ နယ်စပ် မြဝတီမြို့ အနီးမှာ မျက်ခြည်ပြတ်သွားခဲ့တာပါ။
Jiajia ဟာ ရှန်ဟိုင်းရဲတပ်ဖွဲ့၊ ထိုင်းနိုင်ငံက တရုတ်သံရုံးနဲ့ ချင်းမိုင်က ကောင်စစ်ဝန်ရုံးတို့ကို ဆက်သွယ်ခဲ့သလို ဘန်ကောက်ကို ခရီးထွက်ဖို့ စီစဉ်ခဲ့သလို ချင်းမိုင်မြို့ ကောင်စစ်ဝန်ရုံးကလည်း Xingxing ရဲ့ မိသားစုထံအကြောင်းကြားရာမှာ Xingxing ဟာ မဲဆောက်မှာ ပျောက်ဆုံးသွားတာကို အတည်ပြုနိုင်ခဲ့သလို အာဏာပိုင်တွေကလည်း သူ့ကို ရှာဖွေနေကြတာပါ။
တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးက မြန်မာနိုင်ငံ မြဝတီဘက်က လူဝင်မှုကြီးကြပ်ရေးနဲ့ ညှိနှိုင်းဆောင်ရွက်နေသလို ကူညီပေးဖို့အတွက် မြန်မာနိုင်ငံဘက်က ကတိပေးခဲ့ပေမယ့် ပျောက်ဆုံးနေတဲ့ သရုပ်ဆောင်ကို ရှာဖွေရာမှာ တိုးတက်မှု မရှိသေးဘူးလို့ တာ့ခ်ခရိုင်လူဝင်မှု ကြီးကြပ်ရေးဌာနက ရဲမှူးကြီး Bowonpop Sunthonreka က ပြောပါတယ်။
Xingxing ဟာ ဘန်ကောက်က သုဝဏ္ဏဘူမိလေဆိပ်ကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃ ရက် နံနက် ၃ နာရီမှာ ရောက်ရှိလာပြီး အဲဒီနေ့ ၁၀ နာရီခန့်မှာပဲ မဲဆောက်ကို ရောက်ရှိခဲ့တာလို့ ရဲမှူးကြီး Bowonpop က ဆက်လက်ပြောသလို Xingxing ကို နောက်ဆုံးခြေရာခံမိတာက မဲဆောက်မဝင်မီ အဝိုင်းတစ်ခုအနီးဖြစ်သလို လက်ရှိမှာတော့ Xingxing ကိုရှာဖွေဖို့ တာ့ခ်ခရိုင်လူဝင်မှုကြီးကြပ်ရေးရုံးက အာဏာပိုင် အဖွဲ့အစည်းအားလုံးနဲ့ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
တရုတ်သတင်းဌာနတစ်ခုဖြစ်တဲ့ South China Morning Post က Xingxing ပျောက်ဆုံးမှုဟာ အွန်လိုင်းလိမ်လည်မှု ကျားဖြန့်လုပ်ငန်းတွေ နာမည်ကျော်တဲ့ မြဝတီမြို့အနီးမှာဖြစ်သလို ချင်းမိုင်မြို့က တရုတ်ကောင်စစ်ဝန်ရုံးဟာလည်း မြန်မာနယ်စပ်အနီးမှာ တရုတ်သရုပ်ဆောင်တစ်ဦး ပျောက်ဆုံးသွားတဲ့ သတင်း ထွက်ပေါ်အပြီးမှာ ထိုင်းနိုင်ငံက တရုတ်နိုင်ငံသားတွေ လုံခြုံရေးအတွက် အာမခံပေးမယ်လို့ ကတိပြုခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံတရုတ်သံရုံးကလည်း Xingxing ပျောက်ဆုံးနေမှုကို သိရှိထားသလို Xingxing ဟာ မြဝတီကို ဝင်ရောက်မှုရှိမရှိကိုလည်း ချိတ်ဆက်စစ်ဆေးနေတယ်လို့ China Newsweek က ဖော်ပြထားပါတယ်။
၂၀၂၃ ခုနှစ်အတွင်းကလည်း တရုတ်ရုပ်ရှင်ဖန်တီးသူတွေ ရိုက်ကူးထုတ်လုပ်ထားတဲ့ အွန်လိုင်းလိမ်လည်မှု လုပ်ငန်းတွေရဲ့သားကောင်ဖြစ်ရသူတွေအကြောင်းအခြေခံ No More Bets ရုပ်ရှင်ကားဟာ မြန်မာနိုင်ငံရဲ့ ပုံရိပ်ကို ညှိုးနွမ်းထိခိုက်စေခဲ့သလို လက်ရှိမှာလည်း တရုတ်နိုင်ငံရဲ့ တက်သစ်စသရုပ်ဆောင်တစ်ယောက် ကျားဖြန့်လုပ်ငန်းတွေနဲ့ နာမည်ပျက်နေတဲ့ မြဝတီမြို့အနီးပျောက်ဆုံးနေမှုဟာ Weibo အပါအဝင် တရုတ်လူမှုကွန်ရက်တွေမှာ ထိပ်တန်းသတင်းဖြစ်လာနေပြီး အခြေအနေကို ဝိုင်းဝန်းစောင့်ကြည့်နေကြတယ်လို့ သိရပါတယ်။
Ref, Thai Enquirer, SCMP & Global Times
#သတင်းဟင်းလေးအိုးကြီး


