ဗန်းမော်၊ မံစီဘက် တိုက်ပွဲ ပြင်းထန်
ဇန်နဝါရီ ၆
ကချင်ပြည်နယ် ဗန်းမော်မြို့နဲ့ မံစီမြို့ဘက် ဇန်နဝါရီလ ၆ ရက်နေ့ မနက် အစောပိုင်းကစ တိုက်ပွဲ ပြင်းထန် နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
"ဗန်းမော်က ဒီနေ့ ၄၇ တပ်ဘက် တိုက်ပွဲ ပြန်ပြင်းထန်နေတယ်။ လေယာဉ်တွေလည်း ဝဲနေတယ်။ မံစီမြို့ပေါ်တော့ ဒီနေ့နေ့လယ်ထိ လေယာဉ် နဲ့ ဗုံး ၅ ခါ လောက်ကြဲပြီ။" လို့ ဒေသခံ တယောက်က ပြောပါတယ်။
ဒီနေ့ မနက် အစောပိုင်းကစ နောက်တကျော့ ထပ်မံ ထိုးစစ်ဆင်နေတယ်လို့ ကြားသိရပြီး သွားရောက် စစ်ရှောင်နေတဲ့ ေနရာက အမြင့်ပိုင်းမို့ လက်နက်ကြီး ပစ်ခတ်သံ၊ လေယာဉ် ဗုံးကြဲသံတွေလည်း ဆက်တိုက် ကြားနေရတယ်လို့ သူက ပြောပါတယ်။
"ဗန်းမော် ရှမ်းဝိုင်းဘက်လည်း မီးလောင်ပြာကျသွားပြီ။ မိုင်းခေါင် သွားတဲ့ လမ်းဘက်လေ။ လေယာဉ်ဗုံးကြောင့်လား၊ မီးရှို့ ခံရတာလား ဆိုတာတော့ အတိအကျ မသိရဘူး။" လို့ ဒေသခံ အမျိုးသမီး တယောက်ကလည်း ပြောပါတယ်။
ဗန်းမော်မြို့ထဲ ရပ်ကွက်တချို့ရှိ နေအိမ်တွေလည်း လေယာဉ်ဗုံးကြောင့် ပြာကျ ပျက်စီး သွားတယ်လို့ သူက ပြောပါတယ်။
မြို့ထဲ တိုက်ပွဲ ပြင်းထန် နေတာကြောင့် ပြည်သူတွေ ထိခိုက် ပိုများလာနေပေမယ့် ဆက်သွယ်ရေးအခက်အခဲအပြင် စစ်မြေပြင်လို ဖြစ်နေတာကြောင့် သွားလာလို့ မရလို့ အတိအကျ မသိနိုင်ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
နစက တပ်ဖွဲ့နဲ့ နီးစပ်သူ တယောက်ကတော့ ဗန်းမော်မြို့ကို KIA နဲ့ ပူးပေါင်း တော်လှန်ရေး တပ်ဖွဲ့တွေက ရေလမ်းရော ကုန်းလမ်းပါ ဖြတ်တောက် ပိတ်ဆို့ထားပြီး ဒေသခံအများစု ပိတ်မိနေဆဲဖြစ်တယ်လို့ သိရပါတယ်။
ဗန်းမော်မြို့မှာ လူဦးရေ တသိန်းကျော်ရှိပြီး မိုးမောက်နဲ့ မံစီမြို့ဘက်က စစ်ဘေးဒုက္ခသည်တွေ ပြောင်းရွှေ့ နေထိုင်နေကြတာဖြစ်ကာ တိုက်ပွဲစတင်စဥ်ကတည်းက ဒေသခံတချို့ ဘေးလွတ်ရာကို တိမ်းရှောင်ခဲ့ကြပေမယ့် အများစုကတော့ လက်ရှိအချိန်အထိ ပိတ်မိနေဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“တိုက်ပွဲက အခုအချိန်အထိ ပြင်းထန်နေတုန်းပဲ။ လေယာဉ်နဲ့ရော၊ လက်နက်ကြီးပါ ပစ်နေတာ။ မြို့ထဲရော၊ ရပ်ကွက်တွေထဲရောပဲ။ လူအထိအခိုက်လည်း များနေတယ်။ တမြို့လုံးလည်း ပုပ်စော်နံနေပြီ။ ဗန်းမော်မြို့ကနေ ထွက်လို့မရဘဲ ကျန်ခဲ့တဲ့သူတွေ၊ တိုက်ပွဲကြား ပိတ်မိနေတဲ့သူတွေက အများကြီးရှိနေသေးတယ်။ လုံခြုံရေးအခြေအနေအရ တနေရာနဲ့တနေရာ ဆက်သွယ်ဖို့လည်း ခက်တယ်။ လူဦးရေ ဘယ်လောက် ကျန်နေသေးတယ်ဆိုတာကတော့ မသိနိုင်သေးဘူး” လို့ ဒေသခံတယောက်က ပြောပါတယ်။
ဗန်းမော်မြို့အတွင်း တိုက်ပွဲဖြစ်ပွားနေတာဟာ ရက်ပေါင်း တလကျော် ကြာမြင့်လာနေပြီဖြစ်ပြီး လက်ရှိမှာ KIA ပူးပေါင်းတပ်တွေက ဗန်းမော်မြို့အတွင်းရှိ ရဲစခန်း၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးနဲ့ ဌာနဆိုင်ရာရုံးတွေ အပါအဝင် ကာကင်းစခန်းတွေကို ထိန်းချုပ်ထားပြီး ကျန်ရှိနေတဲ့ တပ်စခန်းတွေကို ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ သိရပါတယ်။
နစကတပ်ဘက်ကလည်း စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ - ၂၁) အနီးဝန်းကျင်ရှိ တပ်စခန်းတွေနဲ့ ပူးပေါင်းပြီး ပြန်လည် ခုခံနေတဲ့အတွက် တိုက်ပွဲ ပိုမိုပြင်းထန်လာတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
“လက်ရှိအချိန်အထိ ဗန်းမော်မြို့တောင်ဘက်က ခြေလျင်တပ်ရင်း (ခလရ - ၄၇)၊ ဗန်းမော်တက္ကသိုလ်နဲ့ စကခ - ၂၁ တို့မှာ တိုက်ပွဲတွေဖြစ်နေဆဲပါ။ နစကဘက်ကလည်း အပြင်းအထန် ပြန်ခုခံနေတယ်။ လေကြောင်းတိုက်ခိုက်မှုကပဲ တနေ့ကို လေး၊ ငါးကြိမ်ထက်မနည်းရှိတယ်။ ဒရုန်းတွေလည်း လွှတ်ထားတယ်။ နှစ်ဖက် ထိခိုက်၊ သေဆုံးမှုတွေလည်း ရှိတယ်။ နှစ်ဖက်လုံး အထိနာနေတယ် ပြောရမယ်။ မြို့ထဲမှာလည်း ပြာပုံဖြစ်နေပြီ။ ထိခိုက်ပျက်စီးမှု တော်တော်များတယ်” လို့ စစ်ရေးသတင်းရင်းမြစ်တယောက်က ပြောပါတယ်။
ဗန်းမော်မြို့ဟာ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ - ၂၁) အခြေစိုက်ရာမြို့ဖြစ်ပြီး ခြေလျင်တပ်ရင်း (ခလရ - ၂၃၆ ၊ ၄၇) အပြင် အမြောက်တပ်တွေဖြစ်တဲ့ အမတ (၃၃၆ ၊ ၃၀၄) နဲ့ အမှတ် (၇၀၀၆) သံချပ်ကာတပ်၊ (၅၀၁၄) တင့်ကားတပ်နဲ့ လက်ရုံးတပ်ရင်း ငါးရင်းခန့် အခြေစိုက်ထားတဲ့ တပ်မြို့ဖြစ်တယ်လို့ သိရပါတယ်။
ဒါအပြင် ဗန်းမော်မြို့တောင်ဘက် ၁၃ မိုင်ခန့်အကွာမှာရှိတဲ့ မံစီမြို့အခြေစိုက် နစကတပ်တွေဖြစ်တဲ့ ခြေမြန်တပ်ရင်း (ခမရ - ၃၁၉ ၊ ၆၀၁) နဲ့ အမြောက်တပ် (အမတ - ၅၂၃) တို့ကိုပါ KIA ပူးပေါင်းတပ်တွေက ထိုးစစ်ဆင် တိုက်ခိုက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။
Photo:CJ
Credit - VOM News Agency
#သတင်းဟင်းလေးအိုးကြီး
