Part-1
အမှတ်တရ ဆရာနိုး
ဆရာဦးသာနိုးကို ရင်းနှီးသူများက ‘ဆရာနိုး’လို့ ချစ်ခင်စွာ ခေါ်လေ့ရှိကြပါ တယ်။ ဆရာနိုးဟာ အပေါ်ယံအားဖြင့် အလွန်တင်းမာဟန်ရှိပေမဲ့ ခင်မင်ရင်းနှီးပြီး သူများအပေါ် သံယောဇဉ်ကြီးတတ်သူ၊ ချစ်ခင်တတ်သူ ဖြစ်ပါတယ်။ စကားကို ပြတ်ပြတ်မာမာပြောတတ်သူ ဖြစ်ပေမဲ့ စိတ်ထားအားဖြင့် ကြင်နာတတ်သူ၊ နူးညံ့သူ ဖြစ်ပါတယ်။ ကျွန်တော်က ဆရာနိုးနဲ့တွဲပြီး နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့ရ၊ အတူတူ ခရီးရှည်ကြီးတွေ သွားခဲ့ရတာများတော့ ဆရာနိုးရဲ့စိတ်ရင်းကို နားလည်ခွင့် ရခဲ့ပါတယ်။ ဒါကြောင့် ခုချိန်ထိ ဆရာနိုးကို ချစ်ခင် သတိရနေရဆဲ ဖြစ်ပါတယ်။
ဆရာနိုးဟာ ပုပ္ပါး၊ ပုဂံ၊ မန္တလေး...စတဲ့ မြန်မာမြို့ကြီးတွေအပေါ်လည်း သံယောဇဉ်ကြီးတတ်ပါတယ်။ ၁၉၈၄ ခုနှစ်လောက်မှာ ရန်ကုန်က ဆရာနိုးဟာ မန္တလေး နန်းရှေ့ ဒေသကောလိပ်ထဲနေတဲ့ ကျွန်တော့်ဆီ ရောက်လာပါတယ်။ ပုပ္ပါးသွားရအောင်တဲ့ ကျွန်တော် ဝမ်းသာအားရ လိုက်သွားဖြစ်ပါတယ်။ ပုပ္ပါး တောင်ကလပ်မှာ ဘုရားဖူးတွေ တည်းခိုဖို့ နေရာချထားပေးတဲ့ဆရာတော်က ဆရာနိုး အလျှောက်ကောင်းလို့ စာရေးဆရာတွေ လွတ်လွတ်လပ်လပ်နေကြဆိုပြီး နှစ်ထပ် တိုက်ကြီးတစ်လုံးကို ပေးပါတယ်။ ပုပ္ပါးဘုရားဈေးက ဈေးသည်တွေက 'ဘယ်လို လူတွေမို့ နှစ်ထပ်တိုက်တစ်ခုလုံး ပေးထားရတာလဲ... လို့ ကျွန်တော်တို့ကြားအောင်
တမင်ပြောကြပါတယ်။
တောင်ကလပ်မရောက်မီ ကျောက်ပန်းတောင်းမြို့ နေတဲ့ ဆရာနိုးမိတ်ဆွေ၊ ပထမဆုံးဝင်ခဲ့ပါသေးတယ်။ အဲဒီကမှ ခ/၂၄ ဆိုတဲ့ ယာဉ်အိုကြီးနဲ့ ပုပ္ပါးဘက် တက်ခဲ့ကြတာပါ။ အဲဒီခရီးက ရန်ကုန်ပြန်ရောက်တော့မှ “ခ/၂၄ ပုပ္ပါးခန့်" ဆိုပြီး မိုးဝေမဂ္ဂဇင်းမှာ ဆရာနိုးက အခန်းဆက်ဆောင်းပါး ရေးပါတယ်။
#ဆက်ရန်ရှိ