Part-2
*စီးပွားရေး လူမှုရေးဆိုင်ရာ အခြေခံ ရပိုင်ခွင့်များ
သို့သော် လူ့အဖွဲ့အစည်းတွင်းရှိ လူအားလုံး စီးပွားရေးအရ တူညီဖို့မှာ လက်တွေ့ မဖြစ်နိုင်သကဲ့သို့၊ မဖြစ်ဖြစ်အောင် အားထုတ်မှုများသည်လည်း လူ့အဖွဲ့အစည်းအတွက် ဆိုးကျိုးများသာ ဖြစ်ပေါ်စေခဲ့သည်။ ထို့ကြောင့် ဒီမိုကရေစီ နိုင်ငံတို့တွင် တူမျှဖို့အထိ အားမထုတ်၊ စီးပွားရေး ကွာဟမှု နည်းပါးအောင်သာ ကြိုးပမ်းကြသည်။
စီးပွားရေး၊ လူမှုရေး နိမ့်ပါးသူတို့အား မည်သည့်အဆင့်ထက် ပို၍ မနိမ့်စေရဟူသော သတ်မှတ်ချက်မျိုး ထားရှိကာ အနိမ့်ဆုံးလစာ သတ်မှတ်ချက်၊ အလုပ်လက်မဲ့ ထောက်ပံ့ကြေး ခံစားခွင့်၊ သက်ကြီးရွယ်အို ထောက်ပံ့ကြေး ခံစားခွင့်၊ အခမဲ့ ဆေးကုသခွင့် ရရှိမှု၊ အခမဲ့ ပညာ သင်ကြားခွင့်ရရှိမှု စသည်တို့အားဖြင့် အနိမ့်ဆုံး သတ်မှတ်ချက်ထက် ပိုမနိမ့်ရအောင် ဆောင်ရွက်ပေးကြသည်။
ထိုအခြေခံများ ပြည့်စုံသူတို့သည် ရွေးကောက်ပွဲ အပါအဝင် နိုင်ငံရေး ဖြစ်စဉ်များ၌ ပါဝင်နိုင်ကြမည်ဖြစ်ရာ၊ အဆိုပါ စီးပွားရေး လူမှုရေး ရပိုင်ခွင့် များက ၎င်းတို့၏ နိုင်ငံရေး ရပိုင်ခွင့်များကို ထိန်းသိမ်းပေးသော သဘော ဖြစ်ပေသည်။