19 w - Translate

ကိုရီးယားနိုင်ငံရေးဂိမ်း
--------------------------
တောင်ကိုရီးယားမှာ တာဝန်ဆိုင်းငံ့ခံထားရပြီး ဖမ်းဝရမ်းထုတ်ခံထားရပေမယ့် သမ္မတ ယွန်းဆော့ယောလ်ကို အိမ်မှာ ရဲတွေ ဝင်ဖမ်းဖို့ ကြိုးစားခဲ့ပေမယ့် လက်လျှော့ခဲ့ရတယ် ဆိုတော့ အများအံ့ဩစရာပေါ့။ ဒီသမ္မတ တကယ်ပဲ ပြုတ်ပါ့မလား တချို့က စိုးရိမ်ကြတယ်။
ကိုရီးယားတွေကတော့ အရာရာမှာ ဒရာမာပေါ့။ သမ္မတအိမ်အပြင်ဘက်မှာ ရဲတွေ ခြောက်နာရီလောက် အချိန်ယူ ကြိုးစားတာတောင် ယွန်းရဲ့ လုံခြုံရေးအဖွဲ့နဲ့ ယွန်းဘက်တော်သားတွေက လူတံတိုင်းတစ်ခုတည်ဆောက်ပြီး ဖမ်းဆီးရေးအဖွဲ့ လမ်းကြောင်းကို ပိတ်ဆို့ဖို့ ကားတွေပါ သုံးခဲ့တယ် ဆိုတယ်။
မလိုအပ်ဘဲ စစ်အုပ်ချုပ်ရေးကြေညာမှုနဲ့ သမ္မတယွန်းကို စွပ်စွဲပြစ်တင်မှုအဆို လွှတ်တော်မှာ ၂၀၂၄ ဒီဇင်ဘာ ၁၄ ရက်က မဲခွဲအောင်မြင်တယ်- အဲဒီနေ့ကစပြီး သမ္မတတာဝန်က ဆိုင်းငံ့ခံရတယ်။ ရက်ပေါင်း ၁၈၀ အတွင်း အခြေခံဥပဒေခုံရုံးက စွပ်စွဲပြစ်တင်မှုကို အတည်ပြုသင့်မသင့် စီရင်ချက်ချမယ်။
အရင် သမ္မတတွေ စွပ်စွဲပြစ်တင်မှုနဲ့ မတူတာက ယွန်းဟာ ဒီဇင်ဘာ ၃၁ ရက်မှာ ဖမ်းဆီးဖို့ ဝါးရမ်းပါ အထုတ်ခံရတာပဲ။ ဒါက တောင်ကိုရီးယားသမိုင်းမှာ ပထမဆုံး ဖြစ်နေတယ်။ အဲဒီဝါးရမ်းအရ ဖမ်းတာကို သမ္မတရဲ့ လုံခြုံရေးအဖွဲ့က (PSS)က တားဆီးထားလို့ ဖမ်းမရ ဖြစ်နေသတဲ့- ကြည့်ရတာ တောင်ကိုရီးယား လျှို့ဝှက်အေးဂျင့်တွေက အမေရိကန်သမ္မတနားက SS အေးဂျင့်တွေထက် ပါဝါကြီးနေသလိုပဲ။
PSS ဟာ ယွန်းဆီက တလွဲအမိန့် နာခံမနေဘဲ ယာယီသမ္မတ Choi Sang-mok ဆီက လမ်းညွှန်ချက်ရယူသင့်တယ် ဆိုတာမျိုး ပြောနေတယ်။
ဒါပေမယ့် တောင်ကိုရီးယားမှာ ဒီလိုပဲ ဖြစ်တတ်ပါတယ်- ၂၀၁၆ တုန်းက နိုင်ငံရေးဒရာမာကို ပြန်ကြည့်ရအောင်။
အဲဒီအချိန်က အင်မတန်လူမုန်းများနေပြီဖြစ်တဲ့ အမျိုးသမီးသမ္မတ ပါ့ခ်ဂွမ်ဟေးကို စွပ်စွဲပြစ်တင်တုန်းကလည်း အဲဒီပုံစံမျိုး ဖြစ်ခဲ့ပါတယ်။ လွှတ်တော်က စွပ်စွဲပြစ်တင်မှုအဆို အတည်ဖြစ်ပြီးနောက် အစိုးရရှေ့နေတွေက သမ္မတကို လာဖမ်းခေါ်တာ ပါ့ခ်ဂွမ်ဟေးရဲ့ ကိုယ်ရံတော်တွေက အခုလိုပဲ မောင်းထုတ်ခဲ့ပါတယ်။
အဲဒီတုန်းက ပါ့ခ်ဟာ လူယုံတော် ချွိုင်ဆွန်းဆီနှင့် ပတ်သက်တဲ့ အရှုပ်တော်ပုံတွေ ပေါ်လာပြီးနောက် ၂၀၁၄ မှာ လူ ၃၀၀ ကျော်သေတဲ့ ဖယ်ရီသင်္ဘောမြုပ်တုန်းက ဆံပင်အလှပြင်ဆိုင်မှာ ၆ နာရီလောက် အချိန်ဖြုန်းနေလို့ အစိုးရညွန်ကြားမှုတွေ ကောင်းကောင်းမလုပ်နိုင်ခဲ့ဘူးဆိုပြီး သတင်းဆိုးတွေ အုန်းအုန်းထနေချိန်ပါ၊ သူ့ကို မထောက်ခံတဲ့ ကေပေါ့ဆယ်လီတွေကို ဘလက်ခ်လစ် သွင်းတာလိုကိစ္စတွေ၊ လာဘ်ပေးလာဘ်ယူကိစ္စတွေ အရှုပ်တော်ပေါင်းစုံနဲ့ ဆိုလိုတာက အခု သမ္မတယွန်းထက် အများကြီး ပိုဆိုးပါတယ်။
၂၀၁၆ ဒီဇင်ဘာ ၉ ရက်မှာ သမ္မတ ပါ့ခ်ဂွမ်ဟေးကို လွှတ်တော်မှာ စွပ်စွဲပြစ်တင်မှုအဆို အတည်ဖြစ်ပါတယ်။ တောင်ကိုရီးယားဥပဒေအရ သမ္မတလုံခြုံရေးအဖွဲ့က ဆက်အကာအကွယ်ပေးထားပါတယ်၊ ဝန်ကြီးချုပ်က ယာယီသမ္မတ ဖြစ်ပေမယ့် ပါ့ခ်ဟာ အိမ်ပြာတော်က ဆင်းမပေးရသေးပါဘူး။ အဖမ်းလည်း မခံခဲ့ပါဘူး။
ဖွဲ့စည်းပုံခုံရုံးဟာ ၂၀၁၇ ဇန်နဝါရီ ၇ ရက်က ပါ့ခ်အပေါ် စုံစမ်းစစ်ဆေးမှုစွဲချက်တွေကို စတင် ကြားနာပါတယ်။ အထူး စုံစမ်းရေးမှူးတွေက စုံစမ်းပြီး အချက်အလက်တွေ တင်ပြရပါသေးတယ်။ မတ်လ ၁၀ ရက်ကျမှ ပါ့ခ်အပေါ် လွှတ်တော်ရဲ့ စွပ်စွဲပြစ်တင်မှုကို ဖွဲ့စည်းပုံခုံရုံးကလည်း ၈ မဲ ၀ နဲ့ တညီတည်း အတည်ပြုခဲ့ပါတယ်။
နောက်တစ်နေ မတ် ၁၁ ရက်ကျမှ ပါ့ခ်ဟာ အိမ်ပြာတော်ကနေ ထွက်တော်မူနန်းက ခွာရပါတယ်- ဒါတောင်မှ သူ့ကို ကြိုဆိုတဲ့ သူ့ပရိသတ်နဲ့သူ အုံးအုံးကြွက်ကြွက်ပါ။
အစိုးရရှေ့နေတွေဟာ ဘာ အကာအကွယ်မှ မရှိတော့တဲ့ သမ္မတဟောင်းပါ့ခ်ကို မတ် ၃၁ ရက်ကျမှ စွဲချက်တစ်ပုံတပင်နဲ့ လက်ရဖမ်းနိုင်ခဲ့ပါတယ်။ ပြီးတော့ နောက်တစ်နှစ်ကြာမှ ထောင် ၂၄ နှစ် ကျပါတယ်။ မကြာခင် ထောင် ၂၅ နှစ်အထိ တိုးကျပြီး ငွေဒဏ်တွေပါ အချခံရပါတယ်။
ပါ့ခ်ဂွမ်ဟေးအစား သမ္မတဖြစ်လာသူက မွန်းဂျေအင်း။ ၂၀၂၁ မှာ မွန်းက လွတ်ငြိမ်းခွင့် စပေးလို့ ၂၀၂၂ မှာ ပါ့ခ် ထောင်က လွတ်ပါတယ်(၂၅ နှစ်ကျတာ ၄ နှစ်လောက်ပဲ နေရတာပေါ့)။
အခု ယွန်းဆော့ယောလ်ကို ၂၀၂၄ ဒီဇင်ဘာ ၁၄ မှာ စွပ်စွဲပြစ်တင်ပါတယ်- သုံးလအတွင်း ဆိုတော့ အကြမ်းဖျင်း ၂၀၂၅ မတ်လလယ် မတိုင်ခင် ဖွဲ့စည်းပုံခုံရုံးက ဆုံးဖြတ်ပါလိမ့်မယ်၊ အမေရိကန်စတိုင် တရားရေးဌာနက အထူးစုံစမ်းရေးမှူးခန့်ပြီး စုံစမ်းခိုင်းဦးမှာဆိုတော့ ယွန်းကတော် ခွဲစိတ်ပြုပြင်ထားတာတို့ ဒီဇိုင်နာလက်ကိုင်အိတ်တို့ ဖိနပ်တို့ ဒရာမာတွေ ကြားရဦးမှာပါ။
တောင်ကိုရီးယားမှာ သမ္မတကို စွပ်စွဲပြစ်တင်တာ လေးကြိမ်ရှိပါပြီ။ ၂၀၀၄ တုန်းက သမ္မတ ရိုမူးအွန် လွှတ်တော်က စွပ်စွဲ ပြစ်တင်ခံရပေမယ့် ခြေဥခုံရုံးက လွှတ်ပေးလိုက်ပါတယ်။ ၂၀၁၆ မှာ သမ္မတပါ့ခ်ဂွမ်ဟေး စွပ်စွဲခံရပြီး ခြေဥခုံရုံးက အတည်ပြုလို့ ပြောခဲ့သလို ရာထူး ပြုတ်- ထောင်ကျပါတယ်။ အခု ၂၀၂၄ သမ္မတယွန်း စွပ်စွဲပြစ်တင်ခံရပြီး ခုံရုံးအဆုံးအဖြတ်စောင့်နေဆဲ။
ထူးခြားတာ ယွန်းအစား ယာယီသမ္မတတာဝန်ယူတဲ့ ဝန်ကြီးချုပ် ဟန်ဒပ်ဆိုးကိုလည်း လွှတ်တော်က ဒီဇင်ဘာ ၂၇ မှာ မဲခွဲ ဖြုတ်ချလို့ နောက်ထပ် ယာယီသမ္မတတင်လိုက်တာပါ၊ ဟန်ဒပ်ဆိုးဟာ ပထမဆုံး ပြစ်တင်ဖြုတ်ချခံရတဲ့ ယာယီသမ္မတရယ်လို့ သမိုင်းဝင်သွားပါတယ်။
ဒီတော့ ဒရာမာဆန်တဲ့ ကိုရီးယားနိုင်ငံရေးမှာ ယွန်းဆော့ယောလ်ကြမ္မာကို ခြေဥခုံရုံးက ဘယ်လိုဆုံးဖြတ်ဦးမလဲ ဆိုတာ စိတ်ဝင်စားသူများ Squid Game လိုပဲ စောင့်ကြည့်ကြပါလို့သာ …။
Crd

image