Part-1
*စီးပွားရေး လူမှုရေးဆိုင်ရာ အခြေခံ ရပိုင်ခွင့်များ
အများပြည်သူတို့ ရရှိရန် ကြိုးပမ်းခဲ့ကြသည့် အခြေခံ အခွင့်အရေးများ ထဲတွင် စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ရပိုင်ခွင့်များလည်း ပါဝင်သည်။
လူ့အဖွဲ့အစည်း တစ်ရပ်သည် မိမိမှာရှိသည့် သူဆင်းရဲတို့အလုပ်အကိုင် ရရှိစေခြင်း၊ အလုပ်လုပ်နိုင်စွမ်း မရှိသူတို့အား အခြေခံ စားဝတ်နေရေး ဖန်တီးပေးခြင်း စသည့် နည်းလမ်းများအားဖြင့် စောင့်ရှောက်ကူညီရန် တာဝန်ရှိသည်ဟူသော အယူအဆကို ၁၈ ရာစုလောက်ကပင် လူ့အခွင့်အရေး သမားတို့ ဖြန့်ချိခဲ့ကြသည်။ သို့သော် စက်မှုတော်လှန်ရေး အရှိန်အဟုန် မြင့်မားသည့် ၁၉ ရာစုအတွင်း အလုပ်သမားတို့ အလွန်အမင်း ခေါင်းပုံ ဖြတ်ခံရခြင်း၊ ဘဝလုံခြုံမှု ကင်းမဲ့ခြင်းတို့ ဆိုးဆိုးဝါးဝါး ထင်ရှားလာသည့် အခါမှ စတင်၍သာ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ အခြေခံ ရပိုင်ခွင့်များ ဟူသည်ကို ထိထိရောက်ရောက် လှုပ်ရှား တောင်းဆိုမှုများ ရှိလာခဲ့သည်။
နောက်တွင် အလုပ်သမားတို့ သမဂ္ဂ ဖွဲ့စည်းခွင့်၊ သမဂ္ဂတွင် ပါဝင်ခွင့်၊ မိမိတို့ အကျိုးစီးပွားများအတွက် စုပေါင်းကာကွယ်ခွင့် စုပေါင်းတောင်းဆို ခွင့်များ ရရှိကြ၍ ယင်းမှ တဖြည်းဖြည်း တိုးတက်ကာ ကျန်းမာရေး စောင့်ရှောက်မှု၊ အလုပ်လက်မဲ့များအား ထောက်ပံ့မှု စသည်များအပြင်၊ ပညာရေးဆိုင်ရာ အခွင့်အလမ်းများပါ ရရှိလာကြသည်။
အဆိုပါ စီးပွားရေး လူမှုရေးဆိုင်ရာ အခြေခံ ရပိုင်ခွင့်များသည် ဒီမိုကရေစီနှင့် မည်သို့ ပတ်သက်ပါသနည်း။
ဒီမိုကရေစီ (လူထုအုပ်စိုးမှု)ဟူသည် တိုင်းပြည်ရေးရာ၌ လူအများ ပါဝင်မှသာ တကယ် လက်တွေ့ဖြစ်နိုင်ကြောင်းနှင့် ဒီမိုကရေစီ အခွင့်အရေးကို ခံစားလိုလျှင် ကိုယ်တိုင်ပါဝင်ဖို့လိုကြောင်း အများသိကြသည်။
သို့သော် အများနည်းတူ ပါဝင်နိုင်ရန်အတွက် ပညာရေးတွင် မနိမ့်ကျဖို့၊ ကျန်းမာရေး ကောင်းမွန်ဖို့နှင့် စားဝတ်နေရေး ပြည့်စုံဖို့ လိုသည်။ အဆိုပါ အခြေအနေအရပ်ရပ် ချို့တဲ့ နိမ့်ကျနေမည်ဆိုက လူမှုရေးပိုင်းတွင် အလိုအလျောက် ဘေးရောက်နေမည် ဖြစ်သကဲ့သို့၊ နိုင်ငံရေး ရပိုင်ခွင့် ပါသည်ကို သိလည်း မသိ၊ သုံးစွဲနိုင်စွမ်းလည်း မရှိ ဖြစ်နေပေမည်။ စီးပွားရေး ရပိုင်ခွင့်နှင့် ဆက်စပ်ကာ စီးပွားရေး တန်းတူညီမျှမှုဟူသော အချက်တစ်ရပ် ပေါ်ထွက်လာသည်။

#ဆက်ရန်ရှိ