19 ပတ် - ဘာသာပြန်ပါ။

~~~အမှတ်တရ ~~~ { ၉ } (ဇာတ်သိမ်းပိုင်း)
#ဂျူး
အခန်း -၉
“ဒါပေမယ့် မောင်က ဆေးသောက်ပျင်းလွန်းလို့”
မောင်က ခြောက်ကပ်စွာ ရယ်မောလျက် “စိတ်ချလက်ချသွားပါ” ဟု ကတိပေးသည်။
“ကဲ .. အိပ်တော့မောင် ၊ မနက် ၄ နာရီကျရင် ဆေးသောက်ဖို့ ကျွန်မ နှိုးမယ်”
ချစ်သူတစ်ယောက်လို မြတ်နိုးရ၍ လင်ယောကျာ်းတစ်ယောက်လို အားကိုးခဲ့ရသော မောင်သည် ကျွန်မအတွက် ကြင်နာရသော မောင်လေးတစ်ယောက် ဖြစ်သွားပြန်၏။
မောင်သည် ပင့်သက် တစ်ရှိုက် လေးပင်စွာ ရှိုက်ပြီး အိပ်ရာပေါ် မှောက်လျက် လှဲအိပ်ပစ်လိုက်သည်။
(မောင် စိတ်ညစ်လျှင် ၊ ၀မ်းနည်းလျှင် အခုလိုပဲ ခေါင်းအုံးပေါ် မျက်နှာအပ်၍ မျက်ရည်ကို ကွယ်ဝှက်ကာ မငိုဟန်ဆောင်ရင်း အိပ်ပျော်သွားတတ်မြဲ ဖြစ်၏)
ကျွန်မကတော့ မောင့်ဘေးမှာ ထိုင်လျက် မောင့်မျက်နှာကို ဆွဲယူ စူးစမ်းကြည့်ဖို့ ကျွန်မ စိတ်မကူးရက်ပဲ ကျောပြင်ကိုသာ တွေဝေငေးမောနေမိသည်။
အသက်ရှုလိုက်တိုင်း စည်းချက်မှန်မှန် လှုပ်ရှားနေသော မောင့်ကျောပြင်ကို စူးစိုက်စွာ ကြည့်နေရာက တစ်ချက် သိမ့်ခနဲ တုန်လှုပ်သွားသည်ကို မြင်လိုက်ရသောအခါ ကျွန်မ သည် အရာအားလုံးကို မေ့လျော့၍ မောင့်ကိုယ်ခန္ဓာပေါ်သို့ ရုတ်တရက် ငုံ့၍ တင်းကျပ်စွာ ပွေ့ဖက်ရှိုက်ငင် လိုက်မိလေတော့သည်။
“ချစ် ဘယ်တော့ ပြန်မှာလဲဟင်”
မောင့် အသံက အ်ိပ်ချင်မူးတူး အသံ မဟုတ်။ မောင် အိပ်မပျော်သေးသည်မှာ သေချာ၏။
“ညရထားနဲ့ပေါ့”
“ဘူတာ ကို ကိုယ်လိုက်ပို့မယ်”
“ဟင့်အင်း မပို့ရဘူး”
မောင်က သူ့ကိုယ်ခန္ဓာကို မှောက်လျက် အနေအထားမှ ပြင်လိုက်ပြီး ကျွန်မကို မော့ကြည့်နေသည်။ စူးစူးစိုက်စိုက်ကြည့်သော မောင့်မျက်လုံးတို့တွင် မျက်ရည်စများ စိုလက်နေသည်ဟုပင် ထင်မိပြန်၏။
“လက်မှတ်ရပြီးသားလား”
“အခု မနက်မှ သွားဖြစ်မယ်”
“နေ့ချင်းရလို့လား”
ကျွန်မ မဖြေပါ။ မောင့်မျက်နှာမှာ ကျွန်မနှင့် နည်းနည်းစိမ်းသွားဟန် ရှိသည်။
“နင် အစတုန်းက အစီအစဉ် မရှိပါဘူး ။ ခုမှ ချက်ချင်းပြန်ဖို့ စီစဉ်တာ မဟုတ်လား။”
“မဟုတ်ပါဘူး”
“နင် ငါ့ကို မညာနဲ့”
မောင့်အသံက ထိခိုက် ရှနာထားသူ တစ်ယောက်လိုပင် နာကျင်သံ စွက်နေလေသည်။ ကျွန်မ မောင့်ရင်ခွင်မှ ဖယ်လိုက်ပြီး စားပွဲပေါ်မှ မောင့်ဓာတ်ပုံကို ငေးစိုက်ကြည့်နေမိသည်။ ဘုရားသခင်ဟာ ကျွန်မတို့ နှစ်ယောက်ကို ဘာဖြစ်လို့များ ကွဲစေတာပါလိမ့်။ အို .. အားလုံးဟာ မောင့်ကြောင့်ပဲ ။ သူ့စိတ် တစ်ခုတည်းရဲ့ ဆုံးဖြတ်ချက်ပါပဲ။ ရင်ထဲမှာ စူးရှစွာ အောင့်သွားသည်။

#ဆက််ရန်ရှိ

image