အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှု ဟားမတ်စ်ရဲချုပ် အပါအဝင် လူ ၄၀ ကျော်သေဆုံး

ဂါဇာစီးတီး၊ ဇန်နဝါရီ ၃

ဂါဇာကမ်းမြှောင်ဒေသမှာ အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်း ဟာမတ်စ် ရဲချုပ်၊ သူရဲ့ လက်ထောက်ဖြစ်သူတို့အပါအဝင် လူ ၄၀ ကျော်သေဆုံးသွားတယ်လို့ ဂါဇာတာဝန်ရှိသူတွေက ပြောပါတယ်။

မာမွတ်ဆာလာနဲ့ လက်ထောက်ဖြစ်သူ ဟူဆမ်ရှာဝန်တို့ သေဆံးမှုနဲ့ပတ်သက်ပြီး ဟားမတ်စ်ပြည်ထဲရေး ဝန်ကြီးဌာနက ရှုတ်ချထားကာ လူသားချင်းစာနာထောက်ထားမှုနဲ့ အမျိုးသားရေးတာဝန်ကို ထမ်းဆောင်နေသူတွေဖြစ်တယ်လို့ ဆိုပါတယ်။

ဂါဇာတောင်ပိုင်း အယ်လ်မာဝါဆီ လူသားချင်းစာနာထောက်ထားမှုဇုန်ရှိ ရွှေ့ပြောင်းဒုက္ခသည်စခန်းတခုကို အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုမှာ သေဆုံးခဲ့တဲ့ လူ ၁၁ ယောက်ထဲမှာ ဟားမတ်စ်ရဲတပ်ဖွဲ့အကြီးအကဲနဲ့ လက်ထောက်တို့ ပါဝင်တယ်လို့ ဟားမတ်စ်အရပ်ဘက် ကာကွယ်ရေးအဖွဲ့ကပြောပါတယ်။

အစ္စရေးစစ်တပ်ကတော့ ဟားမတ်စ်တို့ရဲ့ တိုက်ခိုက်ရေးအစီအစဉ်တွေကို ကူညီပေးခဲ့တာကြောင့် သူတို့ကို သုတ်သင်ခဲ့တာလို့ ပြောပါတယ်။ ဂါဇာကမ်းမြှောင်ဒေသတလျှောက် အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှု ၁၅ ကြိမ်အတွင်း ပါလက်စတိုင်းအရပ်သား ၄၀ ကျော်သေဆုံးခဲ့တယ်လို့ ဟားမတ်စ်တို့က ပြောပါတယ်။

ဂါဇာတောင်ပိုင်း အယ်လ်မာဝါဆီဒေသကို မတိုက်ခိုက်မီ အရပ်သားများ ထိခိုက်မှုအနည်းဆုံးဖြစ်ဖို့ အဆင့်များစွာ လုပ်ဆောင်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ထုတ်ပြန်ပါတယ်။ အစ္စရေးဟာ ၁၄ လကြာစစ်ပွဲကြောင့် အိုးမဲ့အိမ်မဲ့ ပါလက်စတိုင်းထောင်ပေါင်းများစွာအတွက် အယ်မာဝါစီကမ်းရိုးတန်းတလျှောက်မှာ လူသားချင်းစာနာမှုဇုန်အဖြစ် အစ္စရေးက ကြေညာထားပါတယ်။

လက်ရှိမှာတော့ နှစ်ဖက်အကြား အပစ်အခတ်ရပ်စဲရေးနဲ့ ဓါးစာခံလွတ်မြောက်ရေးတို့အတွက် အမေရိကန်၊ အီဂျစ်နဲ့ ကာတာတို့က ဦးဆောင်ညှိနှိုင်းနေပြီး သဘောတူညီချက်ရရှိဖို့ ၉၀ ရာခိုင်ရှိတယ်လို့ ပါလက်စတိုင်း တာဝန်ရှိသူတွေက ထုတ်ဖော်ပြောဆိုထားပေမယ့် သောင်မတင်ရေမကျ အခြေအနေမျိုးရှိဆဲဖြစ်ပါတယ်။

Ref:BBC
Photo:AP

#သတင်းဟင်းလေးအိုးကြီး

image