*အမျိုးသမီးများ ဆန္ဒမဲပေးခွင့်
ယနေ့ လူများအတွက် အံ့ဩစရာ ဖြစ်နိုင်သည့် အချက်တစ်ခုက များမကြာခင် ကာလအထိပင် ကမ္ဘာတစ်လွှား၌ အမျိုးသမီးများ မဲပေးခွင့်မရခဲ့ခြင်း ဖြစ်သည်။
သည်အတွက် နိုင်ငံအသီးသီးမှာပင် အမျိုးသမီးများ လှုပ်ရှားတောင်းဆို ခဲ့ကြပြီး ၁၉ ရာစု နှောင်းပိုင်းလောက်ကမှ စတင်ကာ ဆွီဒင်၊ ဗြိတိန်၊ ဖင်လန်၊ အမေရိကန် စသည်တို့တွင် မဲပေးခွင့်များ ကြိုးကြားကြိုးကြား ရကြသည်။
အရွယ်ရောက်သော အမျိုးသမီးများ အားလုံး မဲပေးခွင့်ရသည့် ပထမဆုံး နိုင်ငံမှာ နယူးဇီလန် (၁၈၉၃ ခုနှစ်) ဖြစ်သည်။ ၁၉ဝ၇ ခုနှစ် ဖင်လန်နိုင်ငံ (Grand Duchy of Finland) တွင်မူ အမျိုးသမီးများ မဲပေးရုံမက ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့် ရကြ၍ ကမ္ဘာ့ပထမဆုံး အမျိုးသမီး လွှတ်တော်အမတ်များ ပေါ်ထွက်ခဲ့သည်။
ဥရောပနိုင်ငံ အများစုတွင် ပထမ ကမ္ဘာစစ်ကြီး အပြီးလောက်ကမှ စတင်ကာ အမျိုးသမီးများ မဲဆန္ဒပေးခွင့်ရကြပြီး၊ ၁၈ ရာစုကတည်းက အမျိုးသမီး အခွင့်အရေး တောင်းဆိုခဲ့သော ပြင်သစ်ပြည်မှာ သူများထက် နောက်ကျ၍ ၁၉၄၄ ခုနှစ်တွင်မှ စတင်ရရှိသည်။
ဗြိတိန်တွင် ၁၉၁၈ ခုနှစ်က စတင်ကာ အမျိုးသမီးများ မဲပေးခွင့်ရကြပြီး ထိုစဉ်က ၎င်း၏ ကိုလိုနီနိုင်ငံတစ်ခုဖြစ်သော မြန်မာပြည်၌လည်း ၁၉၂၂ ခုနှစ်က စတင်ကာ အသက် ၁၈ နှစ်ပြည့်ပြီးသော အမျိုးသမီးတိုင်း မဲပေးပိုင်ခွင့် ရှိခဲ့သည်။
နိုင်ငံတကာ စာရင်းများတွင် ဖော်ပြထားသည့်အရ မနေ့တစ်နေ့ကမှ အမျိုးသမီးများ မဲပေးခွင့်ရသည့် နိုင်ငံတချို့ ရှိတာလည်း တွေ့ရသည်။
ဥပမာ ဘာရိန်းနိုင်ငံ (၂၀၀၂ ခုနှစ်) အိုမန်နိုင်ငံ (၂၀၀၃ ခုနှစ်)၊ ကူဝိတ်နိုင်ငံ (၂၀၀၅ ခုနှစ်) တို့ ဖြစ်သည်။
သို့သော် သူတို့ထက် နောက်ကျတာ ရှိသေးသည်။ ဆော်ဒီအာရေဗျ နိုင်ငံတွင် ၂၀၁၅ ခုနှစ်တွင် ကျင်းပမည့် မြူနီစီပယ် ရွေးကောက်ပွဲများမှ စတင်၍ အမျိုးသမီးများ မဲပေးခွင့်နှင့် ရွေးကောက်ခံခွင့်များ ရရှိမည်ဖြစ်ကြောင်း ဘုရင်အဗ္ဗဒူလာက ပြီးခဲ့သည့် နှစ်အတွင်းက ကြေညာခဲ့ရာ ဆော်ဒီသူများ စောင့်မျှော်ကြဆဲ ဖြစ်သည်။

#ဆက်ရန်ရှိ