၂၀၂၅ ခုနှစ်အစတွင် ဗဟိုဘဏ်မှ သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာ ၂၅ သန်း၊ ထိုင်းဘတ် ၂ သန်းခွဲခန့် ထုတ်ရောင်း

ဇန်နဝါရီ ၃

နှစ်သစ်ကူးရုံးပိတ်ရက်များအပြီး ဒေါ်လာလိုအပ်ချက် မြင့်မားလေ့ရှိသည့် ၂၀၂၅ ခုနှစ်အစတွင် ဗဟိုဘဏ်မှ သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာ ၂၅ သန်း၊ ထိုင်းဘတ် ၂ ဒသမ ၄၅၈ သန်းနှင့် တရုတ်ယွမ် ၆၈၀,၀၀၀ ခန့် ထုတ်ရောင်းပေးခဲ့ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဇန်နဝါရီ ၂ ရက် (ယမန်နေ့)တွင် ထုတ်ပြန်ထားသည့် စာရင်းအရ သိရသည်။

နှစ်သစ်ကူးရုံးပိတ်ရက်များကြောင့် သွင်းကုန်တင်သွင်းမှုများပြီး နိုင်ငံခြားငွေလိုအပ်ချက် မြင့်မားလေ့ရှိသည့် ဒီဇင်ဘာလအတွင်းမှာလည်း ဗဟိုဘဏ်မှ ဒေါ်လာ၊ ထိုင်းဘတ်နှင့် တရုတ်ယွမ်များကို အလုံးအရင်းဖြင့် ထုတ်ရောင်းပေးခဲ့သည်။ ဒီဇင်ဘာလအတွင်း ဒေါ်လာ ၁၄၃ ဒသမ ၂၅၀ သန်း၊ ထိုင်းဘတ် ၃၂၁ ဒသမ ၈၇၁ သန်းနှင့် တရုတ်ယွမ် ၁၀ ဒသမ ၉၇၈ သန်းအထိ ထုတ်ရောင်းပေးထားသည်။

ထို့ပြင် ဗဟိုဘဏ်အနေဖြင့် ပြီးခဲ့သည့် ဩဂုတ်လ ၁ ရက်မှ နိုဝင်ဘာလ ၂၉ ရက်အထိ လေးလအတွင်း ဒေါ်လာ ၃၃၅ သန်းကျော်၊ ထိုင်းဘတ် ၁ ဒသမ ၂၇၄ ဘီလျံကျော်နှင့် တရုတ်ယွမ် ၅၆ သန်းခန့်အထိ ထုတ်ရောင်းပေးထားပြီးဖြစ်သည့်အပြင် ယခုဘဏ္ဍာနှစ် ခုနစ်လအတွင်း စက်သုံးဆီ၊ စားသုံးဆီနှင့် သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာတစ်ဘီလျံလည်း သီးသန့်ထုတ်ရောင်းပေးထားသည်။

ယင်းကဲ့သို့ ဗဟိုဘဏ်မှ နိုင်ငံခြားငွေများ ဆက်တိုက်ထုတ်ရောင်းပေးခဲ့မှုကြောင့် ဒေါ်လာဈေး ဆွဲတင်မှုများနှင့် ရက်ရှည်ရုံးပိတ်ရက်များရှိခဲ့သော်လည်း ယနေ့တွင် တစ်ဒေါ်လာ ၄,၄၃၀ ကျပ်၊ ထိုင်းဘတ် တစ်ဘတ် ၁၃၀ ကျပ်နှင့် တရုတ်ယွမ် တစ်ယွမ် ၆၀၉ ကျပ်ဖြင့် နိုင်ငံခြားငွေဈေးနှုန်းများ တည်ငြိမ်လျက်ရှိသည်။

#သတင်းဟင်းလေးအိုးကြီး

image