သမ္မတယွန်းကို ဖမ်းဆီးရန် စုံစမ်းစစ်ဆေးသူများ ရောက်ရှိ
-------------------
စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ တောင်ကိုရီးယား သမ္မတ Yoon Suk Yeol ကိုဖမ်းဆီးဖို့အတွက် ဇန်နဝါရီ ၃ ရက် မနက်အစောပိုင်းက တောင်ကိုရီးယား စုံစမ်းစစ်ဆေးသူတွေ ရောက်ရှိလာကြောင်း CNN သတင်းမှာဖော်ပြထားပါတယ်။
သမ္မတ Yoon Suk Yeol နေအိမ်ခြံဝင်းအတွင်းကို သောကြာနေ့ မနက်အစောပိုင်းက ဖမ်းဝရမ်းထုတ်ဖို့အတွက် ရာနဲ့ချီတဲ့ အစိုးရရှေ့နေတွေ စုရုံးရောက်ရှိနေတာဖြစ်တယ်လို့ သက်ဆိုင်ရာတာဝန်ရှိသူတွေက ပြောကြားခဲ့တယ် လို့ ဆိုပါတယ်။ ဆိုးလ်မြို့ရှိ သမ္မတအိမ်တော်အနီးမှာ သက်ဆိုင်ရာ ရဲအရာရှိ အများအပြား ရောက်ရှိလာပြီး ရဲတပ်ဖွဲ့ဝင် အများအပြားလည်း အခုအချိန်အထိရှိနေတယ်လို့ ဆိုပါတယ်။
Yoon ကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၁ ရက်ကတည်းက တောင်ကိုရီးယား တရားရုံးတစ်ရုံးက ဖမ်းဝရမ်းထုတ်ဖို့ အတည် ပြုခဲ့တာဖြစ်ပြီး အဲဒီလုပ်ရပ်က တောင်ကိုရီးယားမှာ သမ္မတတစ်ယောက်ကို ပထမဆုံးအကြိမ် စတင်လုပ်ဆောင် ခဲ့တာလည်းဖြစ်ပါတယ်။
