မြန်မာ့လယ်ယာထွက်ကုန်စည်များ ပြည်ပသို့ တိုးမြှင့်တင်ပို့ရာတွင် အထောက်အကူပြုစေမည့် စုစုပေါင်းဒေါ်လာ (၆၁) သန်းတန် MoU များ လက်မှတ်ရေးထိုး
ဇန်နဝါရီ ၃
မြန်မာ့လယ်ယာထွက် ကုန်စည်များကို ပြည်ပသို့ တိုးမြှင့်တင်ပို့ရာတွင် အထောက်အကူပြုစေမည့် ကနဦးရင်းနှီးမြှုပ်နှံမှု စုစုပေါင်း အမေရိကန်ဒေါ်လာ ၆၁ သန်းတန်ဖိုးရှိ သဘောတူညီမှုစာချွန်လွှာ (Memorandum Of Agreement) များ လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ဇန်နဝါရီ ၂ ရက်၊ နံနက်ပိုင်းတွင် Novotel Yangon Max ဟိုတယ်၌ ကျင်းပခဲ့သည်ဟု သိရသည်။
အဆိုပါ MoU များကို မြန်မာအက်ဒီဘယ်(လ်)အွိုင်း(လ်) အင်ဒတ်စထရီရယ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် (MEICO)၊ မြန်မာနိုင်ငံ လယ်ယာစီးပွားရေး အများပိုင်ကုမ္ပဏီလီမိတက် (MAPCO)၊ မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေ ဖွံ့ဖြိုးတိုးတက်ရေး အများပိုင် ကုမ္ပဏီလီမိတက် (MAGDPL)၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (MRF) တို့က Myanmar China Harbour Engineering (MCHEC) ကုမ္ပဏီနှင့် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။
ယခုလို လက်မှတ်ရေးထိုးလိုက်သော MoU အရ သီလဝါဆိပ်ကမ်းဧရိယာ အကွက်အမှတ် (၂၇)၊ (၂၈)နှင့် (၂၉)တို့တွင် ကောက်ပဲသီးနှံနှင့် စားသုံးဆီ တင်၊ ချ ဆိပ်ကမ်းတံတားသစ်များ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်သလို ဆူးလေဆိပ်ကမ်းတံတားနှင့် သိုလှောင်ရုံအမှတ် (၁၊ ၂၊ ၃၊ ၄) တို့တွင် အမိုးအကာပါ ကွန်ဗေယာစနစ် (Sheltered Conveying System) တပ်ဆင်ရေးလုပ်ငန်းများကို ပူးပေါင်းရင်းနှီးမြှုပ်နှံတိုးချဲ့တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းလုပ်ငန်းများအနက် သီလဝါအကွက်အမှတ် (၂၇) ၌ စားသုံးဆီ ဆိပ်ကမ်းတံတား တည်ဆောက်ရေးလုပ်ငန်းကို မြန်မာအက်ဒီဘယ်(လ်)အွိုင်း(လ်) အင်ဒတ်စထရီရယ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် (MEICO) နှင့် MCHEC တို့က ဆောင်ရွက်ကြမည်ဖြစ်ပြီး မြန်မာနိုင်ငံ လယ်ယာစီးပွားရေး အများပိုင်ကုမ္ပဏီလီမိတက် (MAPCO)နှင့် MCHEC တို့က သီလဝါဆိပ်ကမ်း အကွက်အမှတ် (၂၈) ၌ ကောက်ပဲသီးနှံ ဆိပ်ကမ်းတံတား တည်ဆောက်ရေးလုပ်ငန်းကို ဆောင်ရွက်မည်ဖြစ်သည်။
ထို့အတူ သီလဝါဆိပ်ကမ်း အကွက်အမှတ် (၂၉) ၌ ကောက်ပဲသီးနှံ ဆိပ်ကမ်းတံတား တည်ဆောက်ရေးလုပ်ငန်းများကို မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေ ဖွံ့ဖြိုးတိုးတက်ရေး အများပိုင် ကုမ္ပဏီလီမိတက် (MAGDPL) နှင့် MCHEC တို့က ဆောင်ရွက်ကြမည်ဖြစ်ကာ ဆူးလေသိုလှောင်ရုံ အမှတ် (၁၊ ၂၊ ၃၊ ၄)တို့နှင့် ဆိပ်ကမ်းတံတားများတွင် အမိုးအကာပါ ကွန်ဗေယာစနစ် (Sheltered Conveying System) တပ်ဆင်ရေးလုပ်ငန်းများကို မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နှင့် MCHEC တို့က ဆောင်ရွက်ကြမည်ဖြစ်ကြောင်း သိရသည်။
#centralnewsnaypyitaw
