~~~အမှတ်တရ ~~~ { ၉ } (ဇာတ်သိမ်းပိုင်း)
#ဂျူး
အခန်း -၉
“ကိုယ်ထင်တာတွေ အကုန်လုံး မှားတာပဲ ကိုယ်ထင်တာ ပညာမာနရော ၊ နာကြည်းမှုရော ပေါင်းပြီး မောင့်ကို လုံး၀ မေ့ပျောက်ပစ်လိမ့်မယ် အိမ်ထောင်ပြုလိုက်လိမ့်မယ်လို့”
“ယောက်ျားတစ်ယောက်ကို မချစ်ဘဲ ယူဖို့ဆိုတာ ဘယ်လွယ်မလဲကွယ်။နောက်ပြီး အိမ်ထောင်ကျပြီး မောင့်ကို မမေ့နိုင်တာနဲ့စာရင် လွတ်လွတ်လပ်လပ် မမေ့နိုင်တာက ပိုပြီး သင့်တော်ပါတယ်။
ဒါနဲ့ နေပါဦး လွန်ခဲ့တဲ့ မောင့်မွေးနေ့ပတ်၀န်းကျင်တုန်းက မောင် နေထိုင်မကောင်းများ ဖြစ်သေးလားဟင်”
“မောင့် မွေးနေ့ ၊ သြော် ၊အင်း … ဖြစ်တာပေါ့ ၊ ထုံးစံအတိုင်း အင်းထရစ်ဗီဗာလေ။ ဟာ .. ခံလိုက်ရတာ လိမ့်နေတာပဲ ။ နင်က ဘယ်လို ……”
“အဲဒီတုန်းက ကျွန်မ အိမ်မက်တွေ ဆက်တိုက်မက်တာ ။ စိတ်တွေလဲ လေးလို့ ပစ္စည်းတွေလဲ ခဏခဏ လွတ်ကျတယ်။ ဆရင့်ခ်ျတောင် လွတ်ကျ ကွဲတယ်။ အိပ်မက်ထဲမှာ မောင်က ကျွန်မဆီ လာချင်လို့တဲ့လေ။ ကျွန်မ စိတ်ဆင်းရဲလိုက်တာ မောင် တစ်ခုခု ဖြစ်နေသလားဆိုပြီး မောင့်မွေးနေ့မှာ ဘုန်းကြီးတွေတောင် ဆွမ်းကျွေးဖြစ်သေးတယ်”
“အို .. တိုက်ဆိုင်လှချည်လား”
“အင်း လေ ။ကျွန်မ ကိုယ်တိုင်လဲမလာသင့်ဘူး။ စာနဲ့လဲ မမေးသင့်ဘူး။ ဘာမှလဲ အကျိုးအကြောင်းမသိ ကိုယ်တိုင်လဲ ဆေးကုမပေးနိုင်။
စိုးရိမ်စိတ်တွေနဲ့ ပူပင်သောက ရောက်တိုင်း ကျွန်မတော့ ဗေဒင်တွေပဲ မေးနေတော့တာပဲ”
“ကြံကြံဖန်ဖန် ချစ်ရယ်”
“မောင် မရယ်ရဘူးနော် ၊မောင့်အရပ်နဲ့တိုင်းပြီး ပေါက်ပင်အကိုင်းတစ်ခုကို ဖြတ်ရမယ်တဲ့။ မောင့်ရဲ့ အ၀တ်အစားတွေကို ပေါက်ပင်ကိုင်းနဲ့အတူ စုထည့်ပေးရမယ်တဲ့။ အင်္ဂါနေ့ညနေ ခြောက်နာရီမှာ ရေထဲကို မျှောပစ်ရမယ်တဲ့ကွယ်။
ဒါနဲ့ပဲ ကျွန်မ မန္တလေးကို လာခဲ့ရသေးတယ် မောင့်အင်္ကျီတွေက ဒီမှာကိုး။ အဲဒါ အရပ်ကို ငါးပေခုနှစ်ကလက်မ တိုင်းလိုက်တယ်။ မောင့် ရေလဲ ပုဆိုးရယ် ၊ ဟို စပို့ရှပ် အပြာလေးရယ် ထည့်ပြီး ညနေ ခြောက်နာရီမှာ အန်တီ့သားလေးကို ခေါ်ပြီး ဂေါ်ဝိန်ဆိပ်ကို … မောင် မရယ်နဲ့”
“သြော် .. ရယ်ရက်ပါ့မလား ချစ်ရယ် ။မောင် စိတ်မကောင်းလိုက်တာ ။
မောင် အဲ့ရက်တွေတုန်းက ချစ်ကို တ,မိလို့ ဖြစ်မှာပေါ့ ။ မောင် ဖျားရင် ချစ်က ဆေးထိုးပေးခဲ့ဖူးတာကိုး။
ဆေးတိုက်တော့လဲ ချစ်က စိတ်ရှည်တယ်။ နောက်ပြီး သံပုရာရည်တွေ သောက်ရတော့လဲ ချစ်ကို တအားသတိရတာ။
နင်က သကြားနဲ့ဖျော်တာနော်။ မောင့်မိန်းမက ဂလူးကိုစ့်နဲ့ဖျော်တာ ။ ဒါပေမယ့် နင်ဖျော်သလို မကောင်းဘူး”
“သွား စကားကောင်းပြောရင် ဖောက်မလာနဲ့”
မောင်က ကျွန်မလက်ဖျားကို ဖမ်းဆွဲဆုပ်ထား၍ ရယ်မော၏။
#ဆက်ရန်ရှိ
