အားကစားအေဂျင်စီနှင့် တွေ့ဆုံခဲ့ခြင်းမရှိကြောင်း ရက်ဖို့ဒ်ပြောကြား
--------------------------
မန်ယူတောင်ပံကစားသမား ရက်ဖို့ဒ်က အသင်းမှာအဆင်မပြေဖြစ်နေတာကြောင့် အသင်းပြောင်းရွှေ့ဖို့အတွက် အားကစားအေဂျင်စီနဲ့ ချိတ်ဆက်ဆွေးနွေးနေတယ်ဆိုတဲ့ သတင်းတွေအပေါ် ငြင်းဆန်သွားခဲ့ပါတယ်။ ရက်ဖို့ဒ်ဟာ မန်ယူအသင်းရဲ့လူစာရင်းကနေ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ(၄)ပွဲဆက်တိုက် ချန်လှပ်ခံခဲ့ရတာဖြစ်ပြီး အသင်းနဲ့ အနာဂတ် မသေမချာဖြစ်နေခဲ့တာပါ။
သတင်းတွေရဲ့ဖော်ပြချက်အရ ရက်ဖို့ဒ်ဟာ (၂၀၁၃)ခုနှစ်က စပါးအသင်းကနေ ရီးရဲလ်အသင်းကို ဂါရက်ဘေးလ် ပြောင်းရွှေ့လာနိုင်အောင် လုပ်ဆောင်ပေးခဲ့တဲ့ နာမည်ကြီး အားကစားအေဂျင်စီတစ်ခုနဲ့ တွေ့ဆုံနေခဲ့တယ်လို့ သိရပါတယ်။
ဒါပေမယ့် ရက်ဖို့ဒ်က သူ့အနေနဲ့ အခုအချိန်မှာ အသင်းပြောင်းရွှေ့ဖို့အတွက် အားကစားအေဂျင်စီ တွေနဲ့ တွေ့ဆုံ ခဲ့တာမရှိသလို အခုလက်ရှိမှာ ထွက်ပေါ်နေတဲ့ သတင်းတွေက သတင်းအမှားတွေသာဖြစ်တယ်လို့ သူ့ရဲ့ကိုယ်ပိုင် ဆိုရှယ်မီဒီယာအကောင့်ကတဆင့် ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။ ဒီဇင်ဘာ(၂၁)ရက်က ကစားခဲ့တဲ့ ဗစ်တိုး ရီးယားပယ်ဇန်အသင်းနဲ့ ယူရိုပါလိဂ်ပွဲစဉ်ဟာ ရက်ဖို့ဒ်အတွက် မန်ယူ အသင်းမှာ နောက်ဆုံးကစားခွင့်ရခဲ့တဲ့ ပွဲစဉ်လည်းဖြစ်ခဲ့ပါတယ်။
