*တန်းတူ အခွင့်အရေး
ဥရောပ အမေရိက၌ မူလအခွင့်အရေးများအတွက် တိုက်ပွဲဝင်ခဲ့ကြသည့် အထဲတွင် လူလူချင်း အခွင့်အရေး တန်းတူညီမျှ ရရှိရေးသည်လည်း တစ်ခု အပါအဝင် ဖြစ်ခဲ့သည်။
အဓိကမှာ ဆန္ဒမဲပေးပိုင်ခွင့်၊ ရွေးကောက်ပွဲများတွင် ကိုယ်တိုင် ဝင်ရောက် ယှဉ်ပြိုင် အရွေးခံပိုင်ခွင့်များနှင့် ပတ်သက်သည်။ တစ်နည်း ပြောသော် နိုင်ငံရေးဆိုင်ရာ အခွင့်အရေးများ တန်းတူရရှိရေး ဖြစ်သည်။
တိုင်းပြည်များတွင် ဒီမိုကရေစီ သဘောအရ အများဆန္ဒဖြင့် ရွေးကောက် တင်မြှောက်သည့် စနစ်ကို ကျင့်သုံးလာကြသည့်တိုင် စောစောပိုင်း၌ မဲပေးပိုင်ခွင့်၊ ရွေးကောက်ခံပိုင်ခွင့်တို့တွင် အကန့်အသတ်များ သို့မဟုတ် ခွဲခြားမှုများ ရှိခဲ့ကြသည်။ ဘာသာရေးအရ ခွဲခြားသည်၊ လူမျိုးရေးအရ ခွဲခြားသည်၊ ဥစ္စာပိုင်ဆိုင်မှုအရ ခွဲခြားသည်၊ စာတတ်မတတ်ကို အကြောင်း ပြု၍ ခွဲခြားသည်။
ဥပမာ၊ အချို့သော ဘာသာ ကိုးကွယ်သူများသည် နိုင်ငံထက် နိုင်ငံ ပြင်ပရှိ ၎င်းတို့ဘာသာ အကြီးအကဲ (ဥပမာ-ပုပ်ရဟန်းမင်းကြီး) ကို သစ္စာခံသူများအဖြစ် သတ်မှတ်ကာ ၎င်းတို့အား မဲပေးခွင့်မပြုတာမျိုး ရှိသည်။ အမေရိကန်ပြည်တွင် အာဖရိကနွယ်ဖွား လူမည်းများအနေနှင့် မဲပေးခွင့် အပါအဝင် ရပိုင်ခွင့်များအတွက် နှစ်ပေါင်းများစွာ တိုက်ပွဲဝင်ခဲ့ရသည်။ ထို့ပြင် တိုင်းပြည် အများအပြား၌ပင် မြေယာပိုင်ဆိုင်သူ၊ အခွန်ငွေ မည်ရွေ့ မည်မျှ ပေးဆောင်သူများသာ မဲပေးခွင့်ရှိသည်ဟူသော စနစ်မျိုး ကျင့်သုံးဖူး ကြသည်။ စာတတ်မတတ် စစ်ဆေးပြီးမှ မဲပေးခွင့်ပြုသည့် စနစ်မျိုးလည်း အမေရိကန်ပြည်နယ် အချို့တွင် ကျင့်သုံးဖူးတာရှိသည်။

#ဆက်ရန်ရှိ