■ အမေရိကန် နှစ်သစ်ကူးည လူအုပ်ထဲ အစ္စလာမစ်အလံ လွှင့်ထားသည့်ကားဖြင့် ဝင်တိုက်မှု ၁၅ ဦးထက်မနည်း သေဆုံး
အမေရိကန်ပြည်ထောင်စု လူဝီစီယားနား ပြည်နယ်တွင် နှစ်သစ်ကူးညက ပျော်ပွဲရွှင်ပွဲများ ကျင်းပနေသည့် လူအုပ်ကြီးထဲသို့ ပစ်ကပ်ကားတစ်စီးဖြင့် တမင်ဝင်တိုက်ခဲ့သည့်အတွက် ၁၅ ဦးထက်မနည်း သေဆုံးကြောင်း သတင်းများတွင် ဖော်ပြချက်များအရ သိရသည်။
လူဝီစီယားနား ပြည်နယ် နယူးအော်လင်းမြို့ရှိ ခရီးသွားများအကြား နာမည်ကြီးသည့် ပြင်သစ်ရပ်ကွက် (French Quarter) တွင် ၂၀၂၅ ဇန်နဝါရီလ ၁ ရက်နေ့ နံနက် ၃ နာရီ ၁၅ မိနစ်ခန့်က ယခုကဲ့သို့ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
အစ္စလာမစ်အလံ လွှင့်ထူထားသည့် ပစ်ကပ်ကားကို အရှိန်ပြင်းစွာ မောင်းနှင်လာပြီး တမင်ဝင်တိုက်ခဲ့သည့်အတွက် ဒဏ်ရာရသူလည်း အများအပြားရှိသည်။
ကားသမားသည် ၎င်း၏ကားဖြင့် ဝင်တိုက်ခဲ့ပြီးနောက်တွင် သေနတ်ဖြင့်လည်း ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်။ ထို့နောက်တွင် ရဲနှင့် အပြန်အလှန် ပစ်ခတ်ခဲ့ပြီးနောက် သေဆုံးသွားကြောင်း သတင်းများတွင် ဖော်ပြချက်များအရ သိရသည်။
ကားထဲတွင်လည်း လက်လုပ် ဖောက်ခွဲရေးပစ္စည်း နှစ်ခု တွေ့ရကြောင်း အရာရှိများ၏ ပြောကြားချက်များအရ သိရသည်။
ဓာတ်ပုံများ - AP, AFP, Reuters
#crd


