အပြင်(၃၇)မင်း နတ်ရုပ်များ၏ မူလဝတ်စားဆင်ယင်မှုများကို မော်ဒယ်လ်များနှင့် ဓာတ်ပုံရိုက်ကူးကာ ပထမဦးဆုံးအကြိမ် ပြန်လည်ဖော်ထုတ်နေ
ဇန်နဝါရီ ၂
အပြင် (၃၇)မင်းနတ်ရုပ်များ၏ မူလဝတ်စားဆင်ယင်မှုပုံစံများကို မော်ဒယ်လ်များနှင့် ဓာတ်ပုံ ရိုက်ကူးကာ ပထမဦးဆုံးအကြိမ်အဖြစ် ပြန်လည်ဖော်ထုတ်နေကြောင်း မြတ်တော်ဝင် - ဗမာ့နန်းဓလေ့ သိုရင်း၊ ထိုင်မသိမ်းဝတ်စုံ ဝန်ဆောင်မှုလုပ်ငန်း တည်ထောင်သူ မြတ်သိင်္ခငယ်က ပြောသည်။
နတ်ရုပ်များ၏ ဝတ်စားဆင်ယင်မှုကို ဖော်ထုတ်ရာတွင် ရှေးကျသောပန်းချီများကို လေ့လာခဲ့ပြီး မျက်နှာသစ်မော်ဒယ်လ်များကိုအသုံးပြုကာ ဓာတ်ပုံဖြင့်ပြန်လည်ဖော်ထုတ်ခြင်း ဖြစ်ကြောင်းလည်း သိရသည်။
“ဓာတ်ပုံပြန်ရိုက်မှာ ဟုတ်တယ်။ နဂိုရှိတာ ကျတော့ ပန်းချီအထောက်အထားပဲရှိတာ။ အဲဒီ ပန်းချီကိုမှ ပြန်အသက်သွင်းတဲ့အနေနဲ့ လုပ်မှာပါ။ စာရေး ဆရာကြီး နိုဝယ်ဆင်းဂါးက ရှေးအထောက်အထားအတိုင်း ရေးထားတာရှိတယ်။ ဆွဲထားတဲ့ အဲဒီ ပန်းချီကားကိုမှ ပြောမယ်ဆိုရင်တော့ လက်ရှိအမြင်နဲ့ လက်ရှိအဝတ်အထည်အနေနဲ့ ချုပ်ပြီးတော့မှ ပြန်အသက်သွင်းပေးမှာပါ”ဟု မြတ်သိင်္ခငယ်က ပြောသည်။
အပြင် (၃၇)မင်းနတ်များ၏ မူလဝတ်စားဆင်ယင်မှုများ ဓာတ်ပုံများရိုက်ကူးရာတွင် Setting အခမ်းအနားများဖြင့် ရိုက်ကူးသွားမည်ဖြစ်ပြီး ရှေးမူအတိုင်းပြင်ဆင်ရာတွင် ဝတ်စုံ (၆)စုံခန့်သာ ပြီးစီးသေးကြောင်း သိရသည်။
“နတ်သမိုင်းစာအုပ်တွေမှာလေ။ နတ်တွေရဲ့ အစဉ်အဆက်ပုံတွေ ရှိတယ်လေ။ ရှိတဲ့အခါမှာ ဒီပန်းချီတွေကတော့ နန်းတွင်းပန်းချီဟုတ်ချင်မှလည်း ဟုတ်မယ်။ ဒါပေမယ့်လို့ ရှေးကျတဲ့ပန်းချီတွေပေါ့။ အမရပူရခေတ်တို့ ရတနာပုံခေတ်ဦးတို့ရဲ့ ဝတ်စားဆင်ယင်မှုတွေအတိုင်း ပြန်ဝတ်ထားတာတွေလေ။ ပြောမယ်ဆိုရင် နတ်တွေကို သူတို့မင်းညီမင်းသား လိုသဘောထားတဲ့အတွက်ကြောင့်မို့လို့ အမရပူရ ခေတ် မင်းညီမင်းသားတွေရဲ့ ဟန်ပန်အမူအရာ အတိုင်း ဝတ်ထားကြတာ။ အဲဒါတွေကို ပြန်ဖော်ထုတ်မှာပေါ့။ (၃၇)မင်းစုံအောင်ပေါ့”ဟု ၎င်းက ဆက်လက်ပြောသည်။
အိမ်တွင်းမင်းမဟာဂီရိနတ်၏ ဝတ်စားဆင်ယင်မှုပုံစံကို ရိုက်ကူးပြီးသွားပါက တောင်ပြုံးမင်း ညီနောင် ၏ ဝတ်စားဆင်ယင်မှုများကို ပြန်လည်ဖော်ထုတ်သွားရန် ရည်ရွယ်ထားကြောင်းလည်း သိရသည်။
“အခုဆိုရင် သုံးပါးရိုက်ပြီးသွားပြီ။ သုံးပန် လှသခင်မရိုက်ပြီးသွားပြီ။ တောင်ကြီးရှင်သခင်မရိုက် ပြီးသွားပြီ။ မင်း မဟာဂီရိရိုက်ပြီးပြီ အခုဆိုရင်တော့ သုံးပါးရှိပြီ”ဟု ၎င်းကဆက်လက်ပြောသည်။
ထို့ပြင် အပြင်(၃၇)မင်းနတ်များအားလုံး၏ ဝတ်စားဆင်ယင်မှုများကို မှတ်တမ်းအနေဖြင့် ဓာတ်ပုံရိုက်ကူးပြီးသွားပါက စာအုပ်ထုတ်ဝေခြင်း၊ ပြပွဲနှင့် ရှိုးပွဲများကို ပြုလုပ်သွားရန် အစီအစဉ်ရှိနေကြောင်း သိရသည်။
Credit - NP News Agency
#သတင်းဟင်းလေးအိုးကြီး

