မန္တလေးမှာ ငွေကျပ်သိန်းပေါင်း ၅၇၀၀ ကျော် တန်ဖိုးရှိ ဘိန်းဖြူနှင့် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
ဇန်နဝါရီ ၂
မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၌ ငွေကျပ်သိန်း ၅၇၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူနှင့် စိတ်ကြွရူးသွပ်ဆေးပြားများကို ပြီးခဲ့သည့် ဒီဇင်ဘာ ၂၇ ရက်က ဖမ်းဆီးရမိခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက်ရပ်ကွက်၊ ၃၅ လမ်းနှင့် ၅၅ လမ်းထောင့်တွင် ဟိန်းသူအောင် ဆိုသူမောင်းနှင်ပြီး သန်းဇော်ငြိမ်း ဆိုသူလိုက်ပါလာသည့် HIACE မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာမှ ဘိန်းဖြူ ၂ ဒသမ ၈ ကီလို စတင် သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။
ထို့နောက် စစ်ဆေးဖော်ထုတ်ချက်အရ ချမ်းအေးသာစံမြို့နယ် ကန်ကောက်ရပ်ကွက်၊ ၅၄(A)လမ်း x ၃၂(A)လမ်းထောင့်ရှိ မူးယစ်ဆေးဝါးများ သယ်ဆောင်ခိုင်းသူ သိန်းနိုင်ဦး၏ နေအိမ်မှ ဘိန်းဖြူ ၈ ဒသမ ၂ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြားနှစ်သိန်း ဆက်လက် သိမ်းဆည်းရမိခဲ့သဖြင့် စုစုပေါင်းဒေသကာလတန်ဖိုးငွေကျပ်သိန်း ၅၇၅၀ တန်ဖိုးရှိ ဘိန်းဖြူ ၁၁ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြားနှစ်သိန်း သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်းနှင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
#centralnewsnaypyitaw
