*မူလ အခွင့်အရေးများ ရရှိအောင် အားထုတ်ခဲ့သည့် ရာဇဝင်
နိုင်ငံသားတို့၏ အခြေခံရပိုင်ခွင့် သို့မဟုတ် မူလအခွင့်အရေးများဟူသည် အာဏာရှင် နိုင်ငံများ၊ ရှေးက သက်ဦးဆံပိုင် ဘုရင်များ လက်အောက်တွင် နေထိုင်ခဲ့ရသူတို့အဖို့ မမျှော်လင့်စကောင်းသော အရာများ ဖြစ်ခဲ့သည်။
ဒီမိုကရေစီ အခြေကျပြီးသော နိုင်ငံကြီးများရှိ ပြည်သူများအဖို့မူ ယင်းရပိုင်ခွင့်များကို မွေးရာပါ အခွင့်အရေးများအဖြစ် အမှတ်မထင် ခံစား ကြီးပြင်းခဲ့ကြသည်ဖြစ်ရာ အများစုတို့၏ စိတ်၌ ယင်းတို့၏ တန်ဖိုးကို ကောင်းစွာ သတိမပြုမိကြတော့ပေ။
ဒီမိုကရေစီ ကူးပြောင်းစနိုင်ငံများရှိ ပြည်သူများသာလျှင် သည်အခွင့်အရေးများကို အဖိုးမဖြတ်နိုင်သော ဆုလာဘ်များအဖြစ် အမြတ်တနိုး တန်ဖိုးထားကာ ပြည့်ပြည့်၀၀ ရရှိအောင် အားထုတ် ကြိုးပမ်းတတ်ကြသည်။
စင်စစ် ဥရောပ အမေရိကရှိ အခြေကျပြီးသော ဒီမိုကရေစီ နိုင်ငံများ တွင်လည်း တစ်ချိန်သောအခါက ပြည်သူတို့သည် ဖိနှိပ်ချုပ်ချယ်သော အစိုးရတို့လက်အောက်တွင် နေထိုင်ခဲ့ကြရ၍ မတရားဖမ်းဆီးချုပ်နှောင်ခြင်း၊ ဖမ်းဆီးထားစဉ် နှိပ်စက်ညှဉ်းပန်းခြင်း၊ ပစ္စည်းဥစ္စာကို မတရားသိမ်းယူခြင်း၊ လွတ်လပ်စွာ ပြောဆိုခွင့် ရေးသားခွင့်များ မရရှိအောင် တားမြစ်ပိတ်ပင်ခြင်း၊ ကြီးလေးသော ပြစ်ဒဏ်များဖြင့် နှိပ်ကွပ်ဟန့်တားခြင်း၊ စသည့် ဖိနှိပ်မှုမျိုးစုံကို ခံစားခဲ့ရသည်သာ ဖြစ်သည်။
ထို့ကြောင့်လည်း အမေရိကန်တို့၏ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ရပိုင်ခွင့် ဥပဒေများ (Bill of Rights) (1791)၊ ၁၇၈၉ ခုနှစ် တော်လှန်ရေးအပြီး ထွက်ပေါ်သည့် ပြင်သစ်တို့၏ လူ့အခွင့်အရေး ကြေညာစာတမ်း (Declaration of Rights of Man) စသည်တို့တွင် အထက်က ဖော်ပြခဲ့သည့် မတရားဖိနှိပ်မှုမျိုးစုံကို တားဆီး ကာကွယ်သည့် ပြဋ္ဌာန်းချက် အသီးသီးတို့ကို ထည့်သွင်းထားခဲ့ကြခြင်း ဖြစ်သည်။
ဥပမာ
မည်သူ့ကိုမဆို တရားဥပဒေနှင့်အညီမှအပ စွပ်စွဲခြင်း၊ ဖမ်းဆီးခြင်း၊ ချုပ်နှောင်ခြင်း မပြုရ၊
ပြစ်မှုကျူးလွန်ကြောင်း စွပ်စွဲခြင်းခံရသူ တစ်ဦးသည် ဥပဒေနှင့်အညီ ခုခံ ချေပခွင့် ရှိစေရမည်၊
အာဏာပိုင်တို့အနေဖြင့် လွတ်လပ်စွာ ရေးသား ဖြန့်ချိခွင့်ကို ယုတ်လျော့ အောင် ချုပ်ချယ်သော သဘော သက်ရောက်သည့် ဥပဒေများ ပြဋ္ဌာန်းခြင်း မရှိစေရ၊ စသဖြင့်။

#ဆက်ရန်ရှိ