ကွန်ကရစ်တမံသာ_မရှိခဲ့ရင်
------------------------------------------
လူ ၁၇၉ ဦး သေဆုံးခဲ့ရတဲ့ တောင်ကိုရီးယား လေယာဉ်ပျက်ကျမှုမှာ
လူအများသေဆုံးရတဲ့ ပျက်စီးမီးလောင်ရမှုအတွက် အခုနောက်ဆုံးတော့
ပြေးလမ်းအဆုံးက Embankment - တမံအခိုင်အမာကြီးအပေါ် အာရုံစိုက်နေကြပါတယ်။
တနင်္ဂနွေနေ့က ငှက်အုပ်နဲ့တိုးမိလို့ ချို့ယွင်းနေတဲ့ Jeju Air လေယာဉ်ဟာ
Muan အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ပြေးလမ်းသုံးပုံတစ်ပုံလောက်က
ဘီးမချဘဲ ဗိုက်ရှပ်ဆင်းခဲ့တယ်။
ရှပ်တိုက်ပြေးလာတဲ့လေယာဉ်ဟာ အရှိန်သပ်မရဘဲ ပြေးလမ်းလွန်ထွက်ပြီး
အဲဒီတမံအမာကြီးကို ဝင်တိုက်မိရာက မီးလောင်ပေါက်ကွဲသွားတာပါ။
မြေသားနဲ့အုတ် ပေါင်းတည်ဆောက်ထားလို့ ကွန်ကရိနံရံကြီးလို ဖြစ်နေတဲ့
အဲဒီတမံကြီးသာ မရှိရင် ဒီလောက် အဖြစ်ဆိုးစရာ မရှိပါဘူး၊
ခုတော့ ပြေးလမ်းရဲ့အဆုံး မီတာ ၂၅၀ အကွာက အဲဒီတမံဘောင်ကြီးကို
ဝင်တိုက်မိရာက လေယာဉ်ဟာ အမြီးပိုင်းကလွဲရင် တစ်စစီဖြစ်သွားအောင်
ပေါက်ကွဲမီးလောင်ခဲ့ပါတယ်။
လေယာဉ်ဟာ မီတာ ၂၈၀၀ ရှည် ပြေးလမ်းတစ်လျှောက် ဘီးနဲ့
တခြားအဆင်းဂီယာတွေ မသုံးဘဲ ဆင်းလာရတယ်။ Flap မသုံး gear မပါ
ဆင်းလာနိုင်ပြီး ကြီးမားတဲ့ ထိခိုက်မှု မရှိခဲ့ဘဲ ပြေးလမ်းအဆုံးလွန်သွားတော့မှပဲ
အလွန်မာကျောတဲ့ အတားအဆီးကို တိုက်မိပြီး ကြမ္မာငင်ရတာပါ။
ဂျာမန် Lufthansa လေယာဉ်မှူးတစ်ယောက်က လေဆိပ်တစ်ခုရဲ့ ပြေးလမ်းအဆုံးမှာ
ကွန်ကရစ်တမံ ရှိနေတာ ပုံမှန်မဟုတ်ဘူးလို့ ပြောပါတယ်။
အမြင့် ၄ မီတာရှိတဲ့ ကွန်ကရစ်တမံဟာ လေယာဉ်ဆင်းတဲ့အခါ အထူးသဖြင့်
ကိရိယာကြည့်ဆင်းသက်မှုအတွက် အထောက်အကူဖြစ်စေတဲ့ လမ်းကြောင်းပြစနစ်တစ်ခု
တစ်နည်း localizer လို့ တောင်ကိုးရီးယား Yonhap သတင်းအေဂျင်စီက ဆိုပါတယ်။
တောင်ကိုရီးယား သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနက နိုင်ငံတွင်းက တခြားလေဆိပ်တွေနဲ့ ပြည်ပလေဆိပ် တချို့မှာလည်း ကွန်ကရစ်တမံ ရှိပါတယ်လို့ ဆိုပါတယ်၊ ဒါပေမယ့် ထိခိုက်မိရင် အလွယ်တကူ ကျေပျက်မယ့် အရာနဲ့ လုပ်ထားတာ ဟုတ်မဟုတ် အခုစစ်ဆေးမယ် ဆိုပါတယ်။
နိုင်ငံတကာ လေဆိပ်ကြီးတွေ တော်တော်များများမှာလည်း လေယာဉ်ကွင်းထဲ
လှည့်ပတ်ကြည့်ရင် အန္တရာယ်ပေးတယ်လို့ စွပ်စွဲခံရနိုင်တဲ့ အတားအဆီးတွေ အများကြီး တွေ့ရလိမ့်မယ်လို့ ပြောတဲ့သူကပြောပါတယ်၊။
ဒါပေမယ့် ဘေးကင်းရေးကျွမ်းကျင်သူတွေက အခု လေယာဉ်ပြေးလမ်းဒီဇိုင်းဟာ
ပြေးလမ်းအဆုံးရဲ့ အနည်းဆုံး မီတာ ၃၀၀ အတွင်း မာကျောတဲ့ အတားအဆီး မထားဖို့
လေကြောင်းလုပ်ငန်းရဲ့ အကောင်းဆုံး အလေ့အထနဲ့ မကိုက်ညီဘူးလို့ ပြောခဲ့ပါတယ်။
၂၀၂၄ ခုနှစ်အစောပိုင်းက ထုတ်ထားတဲ့ Muan လေဆိပ်လက်စွဲစာအုပ်မှာလည်း ကွန်ကရစ်တာတမံဟာ ပြေးလမ်းအဆုံးနဲ့ နီးကပ်လွန်းတယ် ဆိုထားပါတယ်။ လေဆိပ်တိုးချဲ့တဲ့အခါ အဲဒီတမံတည်နေရာ ပြန်သုံးသပ်ဖို့ အကြံပြုထားတာတွေလည်း ရှိပါတယ်။
ပျက်ကျလေယာဉ်က လေယာဉ်မှူးဟာ လေယာဉ်ကို ပုံမှန်ဆင်းသက်ရာလမ်းကြောင်းကနေ ဆန့်ကျင်ဘက်က ချဉ်းကပ်ခဲ့ရချိန်မှာ အဲဒီနေရာက အတားအဆီးကို သတိထားမိပါရဲ့လားလို့လည်း မေးခွန်းထွက်လာပါတယ်။
ထိန်းချုပ်မျှော်စင်ကကော ဘယ်လိုညွှန်ကြားခဲ့လဲ.. အဲဒါတွေက black boxes တွေကို စုံစမ်းစစ်ဆေးမှုမှာ ထွက်ပေါ်လာမယ်လို့ မျှော်လင့်ရပါတယ်။
Credit


