❝လက်စားချေဖို့အတွက် လက်ပစ်ဗုံးသယ်ခိုင်းသူ မြန်မာတစ်ဦးနဲ့ သယ်ပေးသူမြန်မာတစ်ဦးတို့ကို ထိုင်းအာဏာပိုင်တွေဖမ်းဆီး❞
ဒီဇင်ဘာ ၃၁
မကျေနပ်ချက်တွေအတွက် လက်စားချေဖို့ဆိုပြီး မြဝတီဘက်ကနေ ထိုင်းနိုင်ငံအတွင်းကို လက်ပစ်ဗုံးသယ်ဆောင်ခိုင်းတဲ့ မြန်မာနိုင်ငံသားတစ်ဦးနဲ့ သယ်ဆောင်လာပေးတဲ့ မြန်မာနိုင်ငံသားတစ်ဦးတို့ကို ထိုင်းနိုင်ငံ၊ တက်ခ်ခရိုင်၊ မဲဆောက်မြို့မှာ ထိုင်းအာဏာပိုင်တွေက ဒီဇင်ဘာလ ၂၉ ရက် ညနေပိုင်းမှာ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
ဖမ်းဆီးရမိသူတွေက အသက် ၂၀ ခန့်အရွယ် ကိုဝင်းမျိုးဆိုသူနဲ့ အသက် ၁၉ နှစ်အရွယ် အောင်မင်းဆိုသူတို့ဖြစ်ကြတယ်လို့သိရပြီး မဲဆောက်မြို့၊ အမှတ် (၆)၊ ဒွန်ချိုင်ကျေးရွာဘက်ကို ဖြတ်သန်းမောင်းနှင်လာတဲ့ အိမ်စီးကားတစ်စီးကို ထိုင်းတပ်မတော်က တားဆီးစစ်ဆေးရာကနေ လက်ပစ်ဗုံးသယ်ဆောင်လာတဲ့ အောင်မင်းဆိုသူကို လက်ပစ်ဗုံးနှစ်လုံးနဲ့အတူ ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။
ဖမ်းဆီးရမိသူ အောင်မင်းရဲ့ ထွက်ဆိုချက်အရ မဲဆောက်မှာနေထိုင်တဲ့ ကိုဝင်းမျိုးဆိုသူမှ လက်ပစ်ဗုံးယူဆောင်ပေးဖို့ ဘတ်ငွေ ၅၀၀ နဲ့ ငှားရမ်းခဲ့ခြင်းဖြစ်ကြောင်း သိရတာကြောင့် ဝင်းမျိုးရဲ့နေအိမ်ကို သွားရောက်စစ်ဆေးခဲ့ရာမှာတော့ ၎င်းကို နေအိမ်အတွင်းကနေ ထိုင်းနိုင်ငံထုတ် လုပ်သေနတ် တစ်လက်၊ ကျည်ဆံ ၇ တောင့်နဲ့အတူ ထပ်မံဖမ်းမိခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ မျိုးဝင်းဆိုသူကို ထပ်မံစစ်ဆေးတဲ့အခါမှာတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂ ရက်နေ့က မြန်မာနိုင်ငံသားအဖွဲ့တစ်ဖွဲ့ဟာ သူ့နေအိမ်ကိုလာရောက်ပြီး သေနတ်နဲ့ပစ်ခတ်ခဲ့တဲ့အတွက် လက်စားပြန်ချေဖို့ လက်ပစ်ဗုံး ၂ လုံးကို သယ်ဆောင်ခိုင်းခြင်းဖြစ်ကြောင်း ဝန်ခံခဲ့တာကြောင့် ၎င်းတရားခံနှစ်ဦးတို့ကို မဲဆောက်ရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားပြီး ဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
#သတင်းဟင်းလေးအိုးကြီး
