~~~အမှတ်တရ ~~~ { ၉ } (ဇာတ်သိမ်းပိုင်း)
#ဂျူး
အခန်း -၉
“ချစ် .. နင် ဟန်ဆောင်ကောင်းလှချည်လား ဟင်”
ကျွန်မ မောင့်ကို အထိန်းအချုပ်မရှိ တင်းကျပ်စွာ ပွေ့ဖက်၍ မျက်လုံးများကိုသာ ပိတ်ထားပစ်လိုက်ရလေသည်။
မောင့် ကိုယ်ခန္ဓာမှာ အနည်းငယ် တုန်ယင်နေသည်။
“မထင်ခဲ့ပါဘူး ချစ်ရယ် ၊ နင့်ကို ဒီလို …. ”
မောင့်အသံမှာ အနည်းငယ်အက်နေသည်။ မောင့်စကားသည် အဖျားဆွတ်၍ တိမ်၀င်သွား၏။
“နင် .. နင် ငါ့ကို ဘာဖြစ်လို့ ဒီလောက် ချစ်ရတာလဲဟင် ၊ နင်ဘာဖြစ်လို့ ဒီလောက် ချစ်ရတာလဲ”
ကျွန်မ ရှက်ရွံ့၀မ်းနည်းစွာ အသံထွက်၍ ရှိုက်ငို ပစ်လိုက်မိပါသည်။ မောင်က ကျွန်မ ကိုယ်ခန္ဓာကို တအားလှုပ်ယမ်း၍ မေးနေပြန်သည်။
“နင် ဘာဖြစ်လို့ ဒီလောက် ချစ်ရတာလဲ”
“မသိဘူး .. မသိဘူး မမေးစမ်းပါနဲ့ကွယ်”
ကျွန်မ ခြေဖျားထောက်၍ မောင့်ကို ဖက်ထားရင်း မောင့်မေးစေ့ကို လှမ်းနမ်းမိသည်။ ပူနွေးယိမ်းယိုင်နေသော ကိုယ်ခန္ဓာကို မောင်ကသာ ထိန်းပွေ့ဖက် မထားမိလျှင် နေရာတွင်ပင် ပုံလျက် လဲကျသွားတော့မှာပါ။
“ဟိုတုန်းကဘာဖြစ်လို့ တစ်ခွန်းမှ မတားခဲ့သလဲ မောင်နဲ့ လမ်းခွဲခါနီး ဘာဖြစ်လို့ပြုံးပြုံးရွှင်ရွှင်နဲ့ နှုတ်ဆက်နိုင်သေးလဲ နင် သိပ်ဟန်ဆောင်ကောင်းတယ်နော်”
ဘာတွေပဲ ဖြစ်နေ ဖြစ်နေ ကျွန်မ မောင့်ကို အသည်းနှလုံးနှင့်ပုံ၍ ချစ်ခဲ့ကြောင်း ကျွန်မသာလျှင် အသိဆုံးဖြစ်သည်။ မောင် သိစေဖို့လည်း ဘယ်တော့မှ ကြိုးစားမည် မဟုတ်ပါ။
“ကျွန်မကို ဘယ်လိုမှ မထင်ပါနဲ့နော် ၊ တစ်နေ့နေ့မှာ မောင် တစ်ခုလပ် ဖြစ်လာမလား မုဆိုးဖို ဖြစ်လာမလားဆိုတဲ့ ယုတ်ညံ့တဲ့ မျှော်လင့်ချက်နဲ့ မောင့်ကို စောင့်ခဲ့တာ မဟုတ်ပါဘူးမောင် ၊ အမျှင်တန်းပြီး ကျန်ရစ်မယ့် သံယောဇဉ်အားကိုးနဲ့မောင့်ကို မယားငယ်အဖြစ် အရှက်မရှိ အသနားခံဖို့ စောင့်နေခဲ့တာလည်း မဟုတ်ပါဘူး။ ဒါပေမယ့် မောင့်ကို ကျွန်မ ဘယ်လိုမှ မေ့လို့မရဘူး။ ကျွန်မလေ မောင်နဲ့ ခွဲရရင် ရူးသွားမှာလို့ ထင်ခဲ့တယ် ။ အခုတော့ ရူးလဲ မရူးပါဘူး ။ မောင့်ကိုလည်း မမေ့ဘူး ။ မောင့်ကို မေ့အောင် ဘာလုပ်ရမလဲ ။ အကြံပေးခဲ့စမ်းပါဦး မောင်ရယ် ၊ အခုမှတော့ ကျွန်မ ဘ၀မှာနေလို့လည်း မပျော်တော့ပါဘူး”
တစ်သက်လုံး မျိုသိပ်လာခဲ့တာ စကားများကို အဆက်မပြတ် ပြောမိသွားမှန်း သတိရလာသောအခါ တစ်ချက် ရှိုက်ငင်၍ ချက်ချင်း ရပ်တန့်ပစ်လိုက်ပြီး မောင့်ရင်ခွင်မှ ရုန်းထွက်လိုက်၏ ။ မောင်က အလိုက်သိစွာ ဖြေလျော့ပေးပါသည်။
“ဆော့ရီး … ကျွန်မ ဘာဖြစ်သွားမှန်း မသိဘူး ။ မောင် စိတ်ညစ်အောင်များ”
အို .. မောင့်မျက်၀န်းမှာ မျက်ရည်တို့ဖြင့် စိုလက်နေပါလား ။ အနည်းငယ် တုန်ယင်သော မောင့်နှုတ်ခမ်းသည် ပြုံးဖို့ အားယူလျက် မပြုံးဖြစ်ပါ။ ကျွန်မ ဖျတ်ခနဲ မျက်နှာလွဲလျှက် မျက်ရည်တို့ကို လက်ခုံဖြင့် ပွတ်တိုက် သုတ်ပစ်လိုက်၏။ ရေဖန်ခွက်ထဲသို့ ဒစ်စ်ပရင် ဆေးပြားကလေး ဖောက်ထည့်လိုက်သည်။ ဖြုန်းခနဲ ဆူပွက်လာသော အမြှုပ်များ ငြိမ်ကျသွားသောအခါ မောင့်ကို ဖန်ခွက် ကမ်းပေးလိုက်သည်။
#ဆက်ရန်ရှိ
